မဟာဓာတ်အားလိုင်း

July 13, 2019

မဟာဓာတ်အားလိုင်းကြောင့် နစ်နာသည့် ကသာတောင်သူ ၇၆ ဦးကို လျော်ကြေးပေး

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ UREC ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုဆောင်ရွက်နေတဲ့ ၂၃၀ ကေဗွီ ဗန်းမော်-နဘား ဓာတ်အားလိုင်းတည်ဆောက်ရာမှာ ထိခိုက်နစ်နာခဲ့တဲ့ ကသာမြို့နယ်ထဲက ဒေသခံတောင်သူတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ နစ်နာကြေး ပေးအပ်ခဲ့ပါတယ်။ ဓာတ်အားလိုင်းဖြတ်သန်းသွားရာ ကသာမြို့နယ် စကားကုန်း၊ ကူးကာ၊ ဘွက်၊ ကျောက်ထုံးကြီး၊ ပုလွေရွှေ၊ ပြည်သာယာ၊ လမ်းခွ စတဲ့ ကျေးရွာ ၇ ရွာက တောင်သူ ၇၆ ဦးရဲ့ ထိခိုက်ပျက်စီးတဲ့ မြေယာနဲ့သီးနှံတွေအတွက် မြေယာနဲ့သီးနှံဈေးနှုန်းသတ်မှတ်ရေးအဖွဲ့ကနေ သတ်မှတ်တွက်ချက်ထားတဲ့အတိုင်း နစ်နာကြေး ကျပ်သိန်းပေါင်း ၉၁၃ သိန်းကျော်ကို ဇူလိုင်လ ၁၂ ရက်နေ့က ကသာမြို့ စီခန့်ကော်မတီရုံးမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီမဟာဓာတ်အားလိုင်းကို ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်းက လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး အခုနှစ် ၁၀ လပိုင်းမှာ လုပ်ငန်းအပ်ရမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ တာပိန် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ထွက်ရှိမယ့် ၂၄၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားကို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက မီးမရရှိသေးတဲ့ ဒေသတွေအတွင်း ဓာတ်အားအလုံအလောက် တိုးတက်ဖြန့်ဖြူးပေးနိုင်စေဖို့၊ ပိုလျှံဓာတ်အားကို ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကာ သွယ်တန်းနေတာ ဖြစ်ပါတယ်။ ဗန်းမော်- နဘား ၂၃၀ ကေဗွီဓာတ်အားလိုင်းက အရှည် ၇၅ မိုင်ရှိပြီး တိုင်ပေါင်း ၂၉၅ တိုင်ပါဝင်ပါတယ်။
2 years Ago
Up