မပေါ့ဆကြရန်

June 8, 2020

ပြည်တွင်း ရောဂါကူးစက်မှု မရှိတော့သော်လည်း မပေါ့ဆကြရန် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ သတိပေး 

ကိုဗစ်-၁၉ရောဂါ မြန်မာပြည်တွင်းမှာ အချင်းချင်းကူးစက်မှုနှုန်းက  လတ်တလော မတွေ့တော့ဘဲ နိုင်ငံခြားပြန်တွေဆီကသာ ပိုးတွေ့တော့ပေမဲ့ ရောဂါကာကွယ်ရေးအပိုင်းမှာ ပြည်သူတွေအနေနဲ ပေါ့ဆလို့မရသေးကြောင်း နေပြန်ကောင်းသွားပြီဖြစ်တဲ့  လူနာနံပတ် ၁၃၄ ကိုနိုင်လင်းအောင်က ပြောပါတယ်။  Pan pacific ဝန်ထမ်း လူနာနံပတ် ၁၃၄ ဟာ ဆေးပြန်စစ်ရာမှာ Negativeနှစ်ခါပြလို့ ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခဲ့ပြီး ဖောင်ကြီးမှာ Quarantine ၂ ပတ်ဝင်ပြီးနောက် မနေ့က နေအိမ်ကို ပြန်ချိန်မှာ ဒီဗွီဘီကိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလို ပြည်တွင်းရောဂါကူးစက်မှုနှုန်းမရှိတော့ချိန် ဈေးတွေအပါအဝင် လူအများ သွားလာရာနေရာတချို့မှာ ကိုဗစ်-၁၉ ရောဂါကို အခြေခံ အကျဆုံးကာကွယ်ရေးတစ်ခုဖြစ်တဲ့ နှာခေါင်းစည်းတပ်ဆင်တာကို မလုပ်တော့ဘဲ လူတွေ သွားနေကြတာတွေလည်း လတ်တလော တွေ့နေရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့လည်း ပြည်သူတွေ မပေါ့ဆဖို့ လူမှုကွန်ရက်စာမျက်နှာ ကနေ အကြိမ်ကြိမ် သတိပေးတာတွေ့ရပါတယ်။ ၈ ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ယောက်မှ မရှိတော့မှဘဲ ရောဂါကူးစက်တာ မရှိတော့ဘူးလို့ ပြောနိုင်မှာဖြစ်ပြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်းနီးပါး ရောဂါကူးစက်ပြန့်ပွားတာ ဖြစ်လာနိုင်တယ်လို့ လဲကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထပ်ပြီးသတိပေးထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့် မြို့နယ်တွေအဖြစ် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ဗဟန်း၊ ပန်းပဲတန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ စစ်ကိုင်းတိုင်းကလေးမြို့တို့ကိုသတ်မှတ်ခဲ့ပြီးနောက် အခုအခါ Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့်မြို့နယ်ပယ်ဖျက်ရာမှာ ၉ မြို့နယ်ရှိသွားပါပြီ။  ဒါပေမဲ့ Semi lockdown စာရင်းမှာတော့ အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်ကတော့ ကျန်နေပါသေးတယ်။ မေလ ၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
11 months Ago

May 15, 2020

COVID-19 ရောဂါထိန်းချုပ်နိုင်ပြီဟု သတ်မှတ်၍မရနိုင်သေးသဖြင့် မပေါ့ဆကြရန် အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ ပန်ကြား

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု လုံးဝ ထိန်းချုပ်နိုင်ပြီဟု သတ်မှတ်လို့ မရနိုင်သေးလို့ ပြည်သူတွေအနေနဲ့ ပေါ့ဆမှုမရှိဘဲ ကျန်းမာရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတဝန်း ညမထွက်ရအချိန်ကို ည ၁၂  နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲ လျှော့ချသတ်မှတ်ခဲ့သလို ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၅ မြို့မှာ Stay at Home အစီအစဉ်ကို ပယ်ဖျက်ပေးလိုက်ပြီးနောက် ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။  ပြည်သူတွေအနေနဲ့ ခုလိုဖြေလျှော့မှုအပေါ် ပေါ့ဆမှုမရှိဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ သတိပေး ညွှန်ကြားချက်တွေကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ တိကျစွာ လိုက်နာဆောင်ရွက်သွား ကြဖို့လည်း  ဒေါ်ဆောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့စွဲနဲ့  ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းအားနဲ့ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ရာ အခုအချိန်မှာ အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရတဲ့အတွက် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်(၅)ခုကို ဖြေလျှော့တာအပါအဝင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြား ချက်တွေကို  တဆင့်ချင်း ဖြေလျှော့ပေးနေတယ်လို့လည်း ဆိုပါတယ်။ Stay at Home သတ်မှတ်ချက် ဖြေလျှော့ပေးလိုက်တဲ့မြို့နယ်တွေကတော့ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ကလေးမြို့နယ်တို့ဖြစ်ပါတယ်။ လူစုလူဝေးနဲ့ အခမ်းအနားတွေမလုပ်ဖို့အပါအဝင်  COVID-19 ဆိုင်ရာအမိန့်တွေ ညွှန်ကြားချက်တွေကိုတော့  မေ ၃၁ ရက်အထိ သက်တမ်းထပ်တိုးထားပါတယ်။
12 months Ago
Up