မန်ယူ

July 29, 2019

ဗလင်စီယာနှင့် ခြေစမ်းပွဲအပြီး စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဖာနန်ဒက်စ် ငိုကြွေး

မန်ယူအသင်းက ချိတ်ဆက်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် ကစားအပြီး ငိုကြွေးခဲ့တဲ့အတွက် နှုတ်ဆက်ပွဲဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီနေ့မနက်ပိုင်းက ဗလင်စီယာအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန်အတွင်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို လူစားလဲခဲ့ပြီး အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့တာကြောင့် အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။ အသက် ၂၄ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃၂ ဂိုးသွင်းပြီး ၁၈ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။ ဖာနန်ဒက်စ်အတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်နေပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ လူစားလဲအပြီးမှာ ငိုကြွေးခဲ့တာကြောင့် သူ့ရဲ့မျက်ရည်တွေဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အတည်ပြုချက်ဖြစ်မလား ဆိုပြီး ဒေးလီးမေးလ် သတင်းစာက ရေးသားခဲ့ပါတယ်။
2 years Ago

လက်စတာက မက်ဂွိုင်းယားပြောင်းရွှေ့ကြေး ပိုလိုချင်သဖြင့် မန်ယူသို့ပြောင်းရွှေ့ရေး ကြန့်ကြာနေ

လက်စတာစီးတီးအသင်းဟာ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ ထိ ပိုပြီးလိုချင်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ကြန့်ကြာနေတာလို့ သိရပါတယ်။ ယူနိုက်တက်ဘက်က မက်ဂွိုင်းယားအတွက် ပေါင် ၇၂ သန်း အပါအဝင် အသင်းရဲ့ လာမယ့်ရာသီ အောင်မြင်မှုအပေါ် မူတည်ပြီး အပိုဆုကြေးငွေတွေနဲ့ ကမ်းလှမ်းခဲ့တာပါ။ လက်စတာစီးတီးအသင်းကတော့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားရရှိမှုအပေါ် မယုံကြည်နိုင်တာကြောင့် ပေါင်သန်း ၈၀ ကျော်ထိ လိုချင်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၆ ရာသီမှာ ၃ ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ဟာ အခုကာလမှာ ဖြစ်နိုင်ချေနည်းနေပြီး ကစားသမားဟာလည်း သက်ဆိုင်ရာအသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေမှာ စတင်ပါဝင်နေပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်တလောအချိန်အထိ ဝမ်ဘစ်ဆာခါနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကိုသာ ခေါ်ယူထားပြီး စပါးအသင်းက အဲရစ်ဆင်နဲ့ လက်စတာစီးတီးအသင်းက မက်ဂွိုင်းယားတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းရဲ့ ကစားသမား တီယာနေးကို ပေါင် ၂၅ သန်းနဲ့ အောင်မြင်မှုအပေါ် မူတည်တဲ့ အပိုဆုကြေးပေး ခေါ်ယူလိုတဲ့ အာဆင်နယ်အသင်းလည်း အလားတူ အခက်အခဲမျိုး ရင်ဆိုင်နေရတယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြပါတယ်။
2 years Ago

July 26, 2019

အိုင်စီစီဖလားပြိုင်ပွဲတွင် မန်ယူက စပါးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

တရုတ်နိုင်ငံမှာ မနေ့ညက ကျင်းပတဲ့ နိုင်ငံတကာချန်ပီယံများဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ မန်ယူအသင်းက စပါးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ရာသီကြို ခြေစွမ်းပွဲတွေမှာ နိုင်ပွဲဆက်နေတဲ့ မန်ယူအသင်းဟာ ရှေ့တန်းမှာ တိုက်စစ်မှူးမာရှယ်ကို အထောင်ထားပြီး ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်ကစားခဲ့တာပါ။ စပါးအသင်းကတော့ ရှေ့တန်းမှာ ကိန်းနဲ့ ပါရော့တို့ကို အသုံးပြုပြီး ၄-၁-၂-၁-၂ နဲ့ ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး လူငယ်ကစားသမားတွေနဲ့ အဓိက ကစားသမားတွေကို မျှသုံးပြီး ပွဲထွက်ကစားစေခဲ့တာ ပြေ့ရပါတယ်။ မန်ယူအသင်းအတွက် ပထမဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၂၁ မိနစ်မှာ မန်ယူလူငယ်ကစားသမား ပါရဲရာရဲ့ ဖန်တီးပေးပို့မှုကတဆင့် မာရှယ်က သွင်းယူခဲ့ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန်  ၆၅ မိနစ်မှာ လူကပ်မိုရာ သွင်းယူတဲ့ဂိုး မန်ယူနောက်ခံလူ လုရှောခြေတောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာပါ။  မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန်  မိနစ် ၈၀ မှာ လူငယ်ကစားသမား ဂိုမက်က သွင်းယူခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းက ပထမပိုင်း ကစားကွက်ပိုကောင်းခဲ့ပြီး စပါးအသင်းက ဒုတိယပိုင်းကစားတာ ပိုကောင်းခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ညမှာတော့ ရီးရဲလ်နဲ့ အက်သလက်တီကို၊  ဇူလိုင် ၂၉ ရက်နေ့မှာ မီလန်နဲ့ ဘင်ဖီကာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အခုနှစ်ကျင်းပတဲ့ အိုင်စီစီဖလားပြိုင်ပွဲကို အာဆယ်နယ်၊ ဘင်ဖီကာ၊  ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ စပါး၊ ဖီအိုရင်တီးနား၊ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ရီးရဲလ်၊ အင်တာ၊  အေစီ၊ စီဒီ ဂွါဒလာဂျာရာအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကစားနေကြတာပါ။  လက်ရှိ အိုင်စီစီဖလားပြိုင်ပွဲ အမှတ်ပေးဇယားမှာတော့ မန်ယူအသင်းက ၂ ပွဲကစား ရမှတ် ၆ မှတ်၊ စပါးအသင်းက ၂ ပွဲကစား ရမှတ်  ၃ မှတ်ရရှိထားပြီး အာဆင်နယ်အသင်းက ၃ ပွဲကစား ရမှတ် ၇ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
2 years Ago
More News
Up