မတ္တရာမြို့နယ်

September 8, 2021

မတ္တရာမြို့နယ်တွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

မတ္တရာမြို့နယ်က စစ်ကောင်စီ ဒလန်လို့ လူသိများတဲ့ အမျိုးသမီးတယောက်ဟာ ဒီနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။

“သူ့ကို သန်းနှစ်ရာဒေါ်ယဉ်လို့ ခေါ်ကြတယ်။ သူ့ဆိုင်နာမည်က သန်းနှစ်ရာ မို့လို။ မတ္တရာရဲ့ ဒလန်ချုပ်လို့ လူသိများတယ်။ သူ့သမီးလည်း ဒလန်ပဲ။ အခု ၁၂ နာရီခွဲက သူ့အိမ် ဈေးဆိုင်ထဲမှာ ပစ်ခံရတာ” လို့ ကျောက်တံတားရွာ ဒေသခံတယောက်က ပြောပါတယ်။

ဒေါ်ယဉ်ရဲ့ ဆီးခုံနဲ့ ဝမ်းဗိုက်ကို သေနတ်မှန် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီနောက် စစ်သား ၄ ယောက်၊ ရဲ ၅ ယောက် ရောက်လာပြီး ရွာရဲ့လမ်းမကြီးကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေပိတ်ထားပြီး လူသွားလူလာမရှိတော့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်နေ့ကလည်း စစ်တပ်ကို လမ်းပြလုပ်ခဲ့ဖူးသူ ဦးတင်ငွေနဲ့ သမက်တို့ဟာ ဒေါ်ယဉ် ပိုင်တဲ့ စိုက်ခင်းက အပြန်လမ်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

2 weeks Ago

မတ္တရာမြို့နယ်က ကျေးရွာအချို့တွင် ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာတချို့မှာ စက်တင်ဘာ ၇ ရက် မနေ့ညက ပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ ဒေသခံအိမ်တလုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

ဘိုကုန်း၊ သပြေလှရွာ၊ ရွာသာယာရွာ၊ လက်ပံကြီးနဲ့ ရှမ်းရွာ စတဲ့ ရွာတွေမှာ ည ၇ နာရီခွဲလောက်ကနေ ၉ နာရီကျော်အထိ ရွာတချို့မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဘိုကုန်းရွာက ဦးခင်မောင်မြင့် အိမ်ရှေ့မှာ စပြီးပေါက်တယ်။ တချိန်တည်းလိုလိုပဲ သပြေလှရွာ၊ ရွာသာယာရွာ၊ လက်ပံကြီးနဲ့ ရှမ်းရွာတို့မှာလည်း ပေါက်တယ်။ လူထိခိုက်တာတော့ မကြားသေးဘူး။ အားလုံးဆို အကြိမ် ၂၀ ကျော် ပေါက်တာ။ ဦးခင်မောင်မြင့်က ပျူစောထီးလို့ နာမည်ထွက်နေတာပါ” လို့ ဒေသခံရွာသားက  ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးတာမျိုး လုံးဝမရှိဘူးလို့လည်း သူက ဆိုပါတယ်။ ည ၈ နာရီခွဲလောက်မှာတော့ စစ်ကောင်စီ လှည့်ကင်းတဖွဲ့ ဘိုကုန်းရွာကို ရောက်လာပြီး ဒေသခံအိမ်တလုံးကို ဝင်ရောက်ရှာဖွေဖျက်ဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဘိုကုန်းရွာက ဒလန် နှစ်ယောက်က ဖုန်းဆက်ခေါ်တာ။ ဗုံးပေါက်တဲ့အိမ်ကို သွားတာတော့ မဟုတ်ဘူး။ သပိတ်အမာခံမိသားစုအိမ်ကို ဝင်မွှေတာ။ အိမ်မှာ ဘယ်သူမှမရှိတော့ ဖျက်သွားတယ်။ အဲဒီအိမ်က ရဲသွင်ထွန်း ဆိုတဲ့ လူငယ်က ၈ လပိုင်း ၂၈ ရက်နေ့က ဖမ်းခံထားရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီမနက်အထိတော့ မတ္တရာမြို့နယ် တောင်ဘက်ခြမ်း ကျောက်တံတား၊ ဘိုကုန်း စတဲ့ရွာတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှု မရှိသေးဘူးလို့ သိရပါတယ်။

2 weeks Ago

September 1, 2021

မတ္တရာမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကံပိုင်အုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို သြဂုတ် ၃၁ ရက် မနက် ၁၁ နာရီလောက်က ဝသုန္ဒရကျေးရွာတောင်ဘက် နှောပင်နတ်စင်အနီးမှာ ဓားအထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဟာ မတ္တရာမြို့ကို လစာထုတ်အသွား ဓားနဲ့ထိုးခံရတာဖြစ်ပြီး  လည်ပင်းနဲ့ကျောတို့မှာ ဓားဒဏ်ရာအများအပြားနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ ဩဂုတ် ၂၈ ညပိုင်းကလည်း ကံပိုင်ကျေးရွာက (non CDM) ကျန်းမာရေးမှူး၊ ဒလန်လို့ နာမည်ကြီးနေပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်နေသူ ဦးကျော်သူဦးရဲ့ နေအိမ်အတွင်းမှာလည်း ဗုံးပေါက်ကွဲမှူတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်နဲ့ ဒလန် စုစုပေါင်း ၁၁ ဦးလောက် သတ်ဖြတ်ခံရပြီးပြီလို့ သိရပါတယ်။

3 weeks Ago
More News
Up