မင်းကင်း

September 1, 2021

ချင်းတွင်းမြစ်တွင်း သွားလာနေသည့် ရေယာဉ်များကို ပျူစောထီးအဖွဲ့က ဆက်ကြေးတောင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ရေယာဉ်မှန်သမျှကို ပန်းဆက်ကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က နေ့စဉ် ဆက်ကြေးတောင်းခံနေတယ်လို့  မော်တော်သမားတွေထံကနေ သိရပါတယ်။

ကလေးမြို့ကနေ မုံရွာကို စုန်လာတဲ့ မော်တော်ပိုင်တစ်ဦးက "လာသမျှ မော်တော် အကုန်ကောက်တာ။ အလှူခံတာလည်း မဟုတ်ဘူး။ တောင်းကတည်းက မာမာပဲ။ ဖြတ်သန်းသွားလာခွင့်လို့ပြောပြီး ကောက်တာ။ မပေးလို့မရဘူးလေ။ သူတို့က ပန်းဆက်ရွာနဲ့ မောက္ကရွာကြားကကျွန်းပေါ်က ရေလယ်ကောင်မှာ မြန်မာနိုင်ငံအလံကြီး ထောင်ပြီးစခန်းချတာ။ လာသမျှ သေနတ်ဖောက် လှမ်းခေါ်တယ်။ သူတို့ခေါ်တာမလာရင် နောက်ကနေလိုက်ပြီး သေနတ်တွေနဲ့ ပစ်တာတွေလည်းရှိတယ်။ ကျနော်တို့ မော်တော်ကို ပထမ ကျပ် ၃ သိန်း ပထမတောင်းတယ်။ ကျနော်တို့က တောင်းတောင်းပန်ပန်နဲ့ တစ်သိန်းခွဲနဲ့ ပြတ်သွားတယ်ပေါ့ဗျာ”လို့  ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်း ရာသီပေါ်တုပ်ကွေးတွေ ဖြစ်ပွားနေကာ ဖြတ်သန်းသွားလာသူတိုင်းကို ပျူစောထီးတွေက ခေါ်ယူစစ်ဆေး ဆက်ကြေးတောင်းနေတဲ့အတွက် ဒေသခံပြည်သူလူထုတွေ ဆေးရုံဆေးခန်းသွားရာမှာလည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တောင်ဖြူကျေးရွာခံ အမျိုးသမီးတစ်ဦးက “ကျမတို့ ကျန်းမာရေးအတွက် သွားရာမှာလည်း  ဒီပျူစောထီးဂိတ်က  ခေါ်ယူဖမ်းဆီး စစ်ဆေးတာတွေ လုပ်တယ်။ မွေးလူနာတို့၊ ပိုးထိလူနာတို့ဆိုရင် အချိန်မီဆေးရုံကို သွားရမှာလေ။ အခုတော့ သူတို့ဂိတ်ကို ဝင်အစစ်ခံရတာဆိုတော့ အချိန်တွေ မတရားနောက်ကျတယ်။ နောက်ပြီး ဘယ်လောက်အရေးကြီးကြီး မကြီးကြီး ငွေမပေးရင် ရစ်နေတာ မပြီးတော့ဘူး။ ကျမတို့အရေးကြီးလူနာတွေဆိုရင် မင်းကင်းဆေးရုံက အနီးဆုံးဆိုတော့ မင်းကင်းကို စက်လှေအမြန်ယာဉ်လေးတွေနဲ့ ပြေးရတာ။ အဲဒီကမနိုင်ဘူးဆိုရင်  မုံရွာဆေးရုံပေါ့။ အချိန်မီ မပို့နိုင်လို့ မွေးလူနာ သေဆုံးတာလည်းရှိတယ်”လို့  ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ကြံ့ခိုင်ရေးအမာခံရှိတဲ့ ပန်းဆက်ကျေးရွာနဲ့ တောင်ဖြူကျေးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲကာ အခြေခံသေနတ်ပစ်သင်တန်းပေးပြီး ပျူစောထီးအဖွဲ့လို့ဆိုကာ အနီးနားကျေးရွာကျေးရွာ အန်အယ်လ်ဒီ ထောက်ခံတဲ့ အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးရိုက်နှက်၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပျူစောထီးနဲ့  စစ်ကောင်စီတပ်တွေရဲ့ ရန်ကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာတောထဲနဲ့ တချို့ဆိုရင် ရွှေမျော၊ ကျောက်တွင်း စတဲ့ နေရာတွေကို မိသားစုလို ပြောင်းရွှေ့တာတွေလည်းရှိနေတယ်လို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတာပါ။

2 weeks Ago

August 26, 2021

စစ်တပ်နှင့်ပျူစောထီးကြောင့် မင်းကင်းဒေသခံများ နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

စစ်ကောင်စီတပ်တွေ ဝင်ကျေးတွေအတွင်း ဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေကြောင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ဒေသခံတွေ ကနီမြို့နယ်အတွင်းကို နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးလာနေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် မိန်ကလေးတစ်ဦးက “ကျမတို့  ကျောက်ခဲတက်ရွာက လူတွေ နေရပ်မှာ မနေရဲလို့ ကနီနယ်ဘက်ကို ထွက်ပြေးခဲ့ရတယ်ပေါ့။ ဘာလို့ထွက်ပြေးရလဲဆိုတော့ ပန်ဆက်ရွာက ပျူစောထီးတပ်နဲ့ စစ်ခွေးက နေစဉ် ကျမတို့ရွာကို နေ့စဉ်လာမွှေဖျက်ဆီးတာခံရတယ်။ လူတွေ့ရင် ဖမ်းဆီးရိုက်နှက်တာတွေလည်းလုပ်တယ်။ အထူးသဖြင့် NLD ထောက်ခံတဲ့သူတွေဆိုရင် နာလန်မထူအောင်အတင်းရိုက်ကြတာ။ သူတို့ကို အတင်းအကျပ်ထောက်ခံဖို့ ကျမတို့ကို ပြောတယ်။ မထောက်ခံတဲ့သူဆိုရင် လူကိုပါသတ်မယ်၊ အိမ်ကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ကြတယ်။ ကျမတို့လည်း နေ့စဉ်အဲလိုအလုပ်ခံနေရတော့ သူတို့နဲ့‌လွတ်ရာရှောင်ပုန်းရတာပေါ့” လို့ ပြောပါတယ်။

ပန်ဆက်ကျေးရွာက ပျူစောထီး နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ညှဉ်းပန်းနှိပ်စက်တာကြောင့် နေရပ်စွန့်ခွာနေရသူအများစုဟာ ကျောက်ခဲတက်ကျေးရွာက အများဆုံးဖြစ်ပြီး ကျန်ကျေးရွာတွေလည်း ပါတယ်လို့ သိရပါတယ်။

လက်ရှိ ဩဂုတ်လအတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်နေပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

“ဒုက္ခရောက်လို့ ကျနော်တို့ဘက် ထွက်ပြေးလာတဲ့သူ ဦးရေး ၁၀၀၀ ကျော်နေပြီဗျ။ မင်ကင်းမြို့နယ်က ပြည်သူတွေက အများဆုံးပဲ။ လောလောဆယ်တော့ စားသောက်စရာပြတ်လပ်‌တော့မှာဗျ။ အချိန်ကြာလာရင်တော့ အစာရေစာနဲ့ ဆေးဝါးများပါ ပြတ်လပ်နိုင်ပါတယ်။”

ထွက်ပြေးလာတဲ့အထဲမှာ ကလေးတွေ၊ လူအိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါတာကြောင့် အစားအသောက်နဲ့ဆေးဝါးတွေ အမြန်ဆုံး ကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာအတွင်း တပ်စွဲထားတဲ့ ပျူစောထီးတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း သင်တောကျးရွာက အပြစ်မဲ့ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတဲ့အပြင်  ရွှေ၊ ငွေ၊ ဖုန်း နဲ့ သိန်း ၃၆၀ တန် လယ်ထွန်စက်နှစ်စီးလည်း ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago
More News
Up