မင်္ဂလာပွဲတွင် သေနတ်ပစ်ဖောက် အပျော်ကြူးသူများကြောင့် နေအိမ်တွင်းမှ အမျိုးသားတဦး သေဆုံး

February 28, 2017

မင်္ဂလာပွဲတွင် သေနတ်ပစ်ဖောက် အပျော်ကြူးသူများကြောင့် နေအိမ်တွင်းမှ အမျိုးသားတဦး သေဆုံး

ထိုင်းနိုင်ငံမှ မင်္ဂလာပွဲတခုမှာ လေထဲကို သေနတ်နဲ့ပစ်ဖောက်ပြီး ဆင်နွှဲခဲ့ကြတဲ့ အပျော်ကြူးသူတွေကြောင့် အသက် ၃၆ နှစ်အရွယ် ရွာသားတဦး သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ဂ်လာမွန်းဒေသမှာ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ သေဆုံးခဲ့ရတဲ့ သနပ်အင်ဝေါင်ဟာ သူ့ရဲ့နေအိမ်တွင်းမှာ ရှိနေခဲ့တာဖြစ်ပြီး ပျော်ရွှင်မြူးထူးနေကြတဲ့ လူအုပ်စုကြီးဟာ သူ့အိမ်ရှေ့ကနေ ဖြတ်ပြီး သတို့သမီးအိမ်ဆီ ဦးတည်သွားခဲ့ကြတာပါ။ ဒါပေမယ့် တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ သတို့သားဖြစ်သူရဲ့ သေနတ်ကိုင်ပြီး သတို့သမီးနဲ့တွဲကာ ရိုက်ထားတဲ့ ဓာတ်ပုံကတော့ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီပုံဟာ အစစ်အမှန်ပုံ ဟုတ်မဟုတ်ကိုတော့ မသိနိုင်သေးဘဲ မနက်ပိုင်း ၉ နာရီမှာ ကျင်းပမယ့် မင်္ဂလာပွဲဖိတ်စာ ဖြစ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်။ ရဲတွေကတော့ လူအုပ်စုကြီး လျှောက်သွားခဲ့ရာလမ်းတလျှောက် 11mm, 9mm နဲ့ .38 ကျည်ဆန်ခွံတွေကို တွေ့ရှိထားတာပါ။ လက်ရှိမှာတော့ ရဲတွေက ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး မင်္ဂလာသတို့သား သတို့သမီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကတော့ ဒါကို ငြင်းဆန်ထားပါတယ်။
4 years Ago
Up