မက္ကဆီကို

July 9, 2019

ကုန်တင်ကားထဲ လိုက်ပါလာသည့် ရွှေ့ပြောင်းဒုက္ခသည် ၅၁ ဦးကို မက္ကဆီကိုရဲ ကယ်ဆယ်

မက္ကဆီကိုနိုင်ငံ ဇာကာတိတ်ကတ်စ်ပြည်နယ်မှာ ဇူလိုင် ၇ ရက်နေ့က ကုန်တင်ကား နောက်တွဲတခုထဲမှာ ကျပ်ကျပ်သိပ်သိပ် လိုက်ပါလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၅၁ ယောက်ကို ရဲတွေက ကယ်ဆယ်ခဲ့တယ်လို့ မက္ကဆီကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုန်တင်ကား နောက်တွဲထဲမှာ လူတွေ ပုန်းခိုလိုက်ပါလာတာကို X-ray စစ်ဆေးရေးစက်နဲ့ စစ်ဆေးလိုက်တဲ့အခါ တွေ့ခဲ့ရတာပါ။ လက်ရှိမှာတော့ အဲဒီ ရွှေ့ပြောင်းဒုက္ခသည်တွေကို မက္ကဆီကို အမျိုးသားဒုက္ခသည်ဆိုင်ရာ အဖွဲ့ဆီကို လွှဲအပ်ထားပါတယ်။ အဲဒီအဖွဲ့က သူတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးဆီ ပြန်ပို့ဖို့ ဆက်လုပ်သွားမယ်လို့ အစီရင်ခံစာက ပြောပါတယ်။ မက္ကဆီကိုအနေနဲ့ အမေရိကန်ကို ဦးတည် ခရီးနှင်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ စီးဝင်တာကို ဟန့်တားပေးမယ်ဆိုရင် မက္ကဆီကို ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်တာ ဖြေလျော့ပေးဖို့ အမေရိကန်နဲ့ သဘောတူထားပါတယ်။ အဲဒီသဘောတူညီချက်အရ မက္ကဆီကို အစိုးရက နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာချထားတာ အပါအဝင် နိုင်ငံတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ တရားမဝင် ဝင်ရောက်လာတာကို စည်းကမ်းတင်းကျပ်နေပါတယ်။
2 years Ago

July 8, 2019

ရွှေ့ပြောင်းသူများအား ဟန့်တားရန် မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ် နယ်စပ်တွင် ကင်းလှည့်

မက္ကဆီကိုသမ္မတ လိုပက်ဇ် အိုဘရာဒိုက နိုင်ငံတွင်း လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ လျှော့ချရေး တာဝန်ပေးဖို့ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ဟာ လက်ရှိမှာတော့ နေရပ်ရွှေ့ပြောင်းသူတွေကို ဟန့်တားဖို့ နယ်စပ်မှာ ကင်းလှည့်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မက္ကဆီကို နယ်စပ်ကနေ တဆင့် အမေရိကန်နိုင်ငံထဲကို ရောက်ဖို့ ဦးတည် ခရီးနှင်လာတဲ့ ဗဟိုအမေရိက နေရပ်ရွှေ့ပြောင်းသူတွေကို မက္ကဆီကိုက ကြားဖြတ်ဟန့်တားပေးနိုင်မယ်ဆိုရင် အခွန်စည်းကြပ်တာတွေ ဖြေလျှော့ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ မက္ကဆီကို မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်စပ်တွေမှာ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် နှစ်သောင်းတထောင်ကို နေရာချထားပါတယ်။ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အရေအတွက် စုစုပေါင်းရဲ့ သုံးပုံတပုံနီးပါးကို ဒုက္ခသည်ကိစ္စအတွက် တာဝန်ချထားတာကြောင့် ပြည်တွင်းပဋိပက္ခတွေ တိုးမြင့်လာတာကို ကိုင်တွယ်ဖြေရှင်းရေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက် လျော့နည်းသွားပါတယ်။ ၂၀၁၈ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင်း ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေကြောင့် လူ့အသက်ပေါင်း သုံးသောင်းသုံးထောင်ကျော် စံချိန်တင် ဆုံးရှုံးခဲ့ရပြီး အဲဒီပြဿနာဟာ မက္ကဆီကိုအတွက် ဖိအားအများဆုံး ကိစ္စတွေထဲက တခုလည်း ဖြစ်ပါတယ်။ လိုပက်ဇ် အိုဘရာဒို သမ္မတရာထူး စတင်ထမ်းဆောင်တဲ့ ၂၀၁၈ ဒီဇင်ဘာလကစပြီး ပထမဆုံး ခြောက်လအတွင်းမှာ ရာဇဝတ်မှုတွေ၊ ပဋိပက္ခတွေကြောင့် လူသေမှုနှုန်း ဆက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
2 years Ago
More News
Up