မက္ကဆီကို

July 4, 2019

မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းသူများကို စောင့်ကြည့်ဖမ်းဆီး

မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဟာ ဇူလိုင် ၃ ရက်က ဂွါတီမာလာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ဆူချီအာတီမြစ်တလျောက် နေရာယူထားပြီး တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည်တွေကို စောင့်ကြည့် ဖမ်းဆီးနေပါတယ်။ အမေရိကန်နဲ့ သဘောတူညီချက်အရ မက္ကဆီကိုဟာ ဗဟိုအမေရိက ရွှေ့ပြောင်းဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး သူ့နိုင်ငံထဲ စီးဝင်လာတာတွေကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဗဟိုအမေရိက ဒုက္ခသည်တွေဟာ မက္ကဆီကိုနိုင်ငံကနေတဆင့် အမေရိကန်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေကြတာပါ။ ဒါ့ကြောင့် မက္ကဆီကိုအနေနဲ့ အဲဒီဒုက္ခသည်တွေစီးဝင်မှုကို ထိန်းချုပ်မယ်ဆိုရင် မက္ကဆီကို ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်တာတွေ ဖြေလျော့ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားပါတယ်။ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ အရာရှိတွေဟာ ဇူလိုင် ၃ ရက်နေ့က ဆူချီအာတီမြစ်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် အယောက် ၂၀ နဲ့ ဗဟိုအမေရိက ဒုက္ခသည် အယောက် ၁၀၀ တို့ကို ထိန်းသိမ်းခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေကို ပြည်ဝင်ခွင့်အတွက် စစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ ပုံမှန်အားဖြင့် မက္ကဆီကို အစိုးရဟာ အမေရိကန်ကိုသွားမယ့် အထောက်အထားမဲ့ ပြည်ပနိုင်ငံသားတွေကို ဟန့်တားဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တာဝန်ပေးလေ့ မရှိပါဘူး။ ဒါ့ကြောင့် မက္ကဆီကိုဟာ အမေရိကန်သမ္မတ ထရမ့်ရဲ့အလိုအတိုင်း လိုက်လျော လွန်းတယ်လို့ ဝေဖန်နေကြပါတယ်။
2 years Ago

June 27, 2019

ရေနစ်သေဆုံးခဲ့သည့် သားအဖ ၂ ဦး ဓာတ်ပုံ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းသူများ၏ အခက်အခဲ သတိပြုစရာဖြစ်

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ရေနစ်သေဆုံးတဲ့ သားအဖနှစ်ဦး ဓာတ်ပုံတွေကြောင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအတွက် အန္တရာယ်ကြီးမားပုံကို တကမ္ဘာလုံး သိရှိလာခဲ့ပါတယ်။ ရွှေ့ပြောင်းသားအဖနှစ်ဦး သေဆုံးတဲ့အပေါ်မှာ ပုပ်ရဟန်းမင်းကြီးကလည်း အလွန်အမင်း ဝမ်းနည်းမိတယ်လို့ ဇွန်လ ၂၆ ရက်နေ့က ပြောပါတယ်။ အယ်လ်ဆာဗေဒိုနိုင်ငံသား အော်စကာ အယ်ဘတ်တို မာတီးနက်စ် ရာမီရက်ဇ်နဲ့ ၂ နှစ်သမီး အရွယ် ဗာလယ်ရီယာတို့ရဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီးနောက် ရွှေ့ပြောင်းလာသူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ ဆွေးနွေးငြင်းခုံစရာ ဖြစ်လာပါတယ်။ ကွယ်လွန်သူ မာတီးနက်စ်ရဲ့ မိခင်ဖြစ်သူက မာတီးနက်စ်ဟာ မိသားစုနောင်ရေးကောင်းဖို့ အမေရိကကို သွားခဲ့တာဖြစ်ပြီး သူဟာ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးတယ်လို့ ပြောခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ မာတီးနက်စ်က သမီးဖြစ်သူကို အင်္ကျီအတွင်း ထည့်ထားပြီး ဗာလယ်ရီယာကလည်း ဖခင်ဖြစ်သူလည်ပင်းကို သိုင်းဖက်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုအနေနဲ့ ရွှေ့ပြောင်းလာသူတွေကို မထိန်းချုပ်ရင် သွင်းကုန်ခွန် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ ဒါကြောင့်လည်း မက္ကဆီကိုဟာ ရွှေ့ပြောင်းလာသူတွေကို နည်းလမ်းပေါင်းစုံနဲ့ တားဆီးနေပါတယ်။ အဲဒီလို လူဝင်မှု တပ်းကျပ်တဲ့အတွက် ရွှေ့ပြောင်းလာသူတွေဟာ တရားမဝင် လမ်းကြောင်းသစ်တွေကို ရှာဖွေလာတယ်လို့ ရွှေ့ပြောင်းသူရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
2 years Ago
More News
Up