မက်ဆီကို

September 28, 2020

မက္ကဆီကို ဘားတခုအတွင်း လူသတ်မှုဖြစ်၊ ၁၁ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ ဂွါနာဟွာတိုပြည်နယ်က ဘားတခုမှာ စက်တင်ဘာ ၂၇ ရက်က အစုလိုက် အပြုံလိုက် လူသတ်မှုအတွင်း လူ ၁၁ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  အစိုးရက ရာဇဝတ်ဂိုဏ်းအကြမ်းဖက်မှု ရပ်တံ့ရေး ကတိပေးထားပေမယ့် လူသတ်မှု စံချိန်တင် မြင့်မားနေပါတယ်။  ဂျရဲဒယ်လ် ပရိုဂရက်စိုမြို့က ဘားထဲမှာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းက အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၄ ယောက်ရဲ့ အလောင်းတွေကို တွေ့တယ်လို့ ဂွါနာဟွာတို ပြည်နယ် ရှေ့နေချုပ်ရုံးက ပြောပါတယ်။ အမျိုးသမီးတယောက်လည်း သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာလို့ ယုံကြည်ရတဲ့ လာကာဘာနာဒယ်တိုရို အဆောက်အအုံ အပြင်ဘက်မှာ ရဲနဲ့ စစ်တပ် အကြီးအကျယ် တပ်ချထားတာကို ဒေသခံမီဒီယာ အာဂိုရာက ရိုက်ကူး ထုတ်လွှင့်ပါတယ်။ ကားထုတ်လုပ်ရာ အကြီးစား အချက်အခြာမြို့ဟာ ရာဇဝတ်ဂိုဏ်း အကြမ်းဖက်မှု ဖြစ်လေ့ရှိရာ နေရာ ဖြစ်လာနေပါတယ်။ ဒေသခံ စန်တာရိုဆာဒေလီမာဂိုဏ်းနဲ့ အားကောင်းတဲ့ ဂျာလစ္စကို မျိုးဆက်သစ် မှောင်ခိုဂိုဏ်းတို့ကြား အပြိုင်အဆိုင် တိုက်ပွဲတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာပါ။ ဇူလိုင်လကလည်း ဒီမြို့ရဲ့မူးယစ်ဆေးဖြတ်ဌာနမှာ သေနတ်သမားတွေက လူ ၂၄ ယောက်ကို သတ်ခဲ့လို့ သမ္မတ အိုဘရဒေါ လက်ထက် အဆိုးဆုံး အစုလိုက် အပြုံလိုက် ညှဉ်းဆဲ သတ်ဖြတ်မှုတွေထဲက တရပ်ဖြစ်ခဲ့ပါတယ်။ သမ္မတကတော့ အကြမ်းဖက်မှု စံချိန်တင် မြင့်တက်နေတာကို လျှော့ချဖို့ မဲဆွယ်ကတိနဲ့ ရွေးကောက် တင်မြှောက်ခံရသူလည်း ဖြစ်ပါတယ်။    
9 months Ago
Up