ဘိုးရင်းလေယာဉ်

March 14, 2019

ပျက်ကျခဲ့သည့် ဘိုးရင်းလေယာဉ်အမျိုးအစား ပြေးဆွဲခြင်း ရပ်နားသည့်နိုင်ငံ ၅၀ ရှိ

အီသီးယိုးပီးယားနိုင်ငံထဲမှာ ဘိုးရင်းလေယာဉ် ပျက်ကျပြီးနောက် Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို ရပ်လိုက်ကြတဲ့ နိုင်ငံအရေအတွက်ဟာ မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံ ၅၀ ပြည့်သွားပြီလို့ စီအန်အန်သတင်းဌာနက ကြေညာပါတယ်။ အဲဒီ ဘိုးရင်းလေယာဉ် အမျိုးအစားဟာ ငါးလကျော်ကာလအတွင်း နှစ်ကြိမ် ပျက်ကျခဲ့တာပါ။ အီသီးယိုးပီးယားမြို့တော် အက်ဒီဆာ ဘာဘာ ကနေ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီကို ပျံသန်းမယ့် Boeing 737 Max 8 လေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့မှာ လေဆိပ်က စပျံသန်းပြီး မကြာခင် ပျက်ကျခဲ့လို့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကလည်း လိုင်းယွန်းလေကြောင်းလိုင်းရဲ့ အဲဒီ ဘိုရင်းအမျိုးအစား လေယာဉ်တစီးဟာ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ တရုတ် အပါအဝင် နိုင်ငံ ၅၀ က Boeing 737 Max 8 လေယာဉ်အမျိုးအစားကို ပြေးဆွဲတာ ရပ်လိုက်ကြတာပါ။ လူတွေ စိုးရိမ်ကြောက်လန့်ရတဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို တကမ္ဘာလုံးမှာ ရပ်ကြဖို့ ထောက်ခံသွားမယ်လို့ ဘိုးရင်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ လက်ရှိမှာ ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန် အရပ်ဘက် လေကြောင်းစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက အီသီယိုးပီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ဝိုင်းဝန်းရှာဖွေနေကြပါတယ်။
2 years Ago

March 12, 2019

ဘိုးရင်းလေယာဉ်ကုမ္ပဏီ ရှယ်ယာဈေး ကျဆင်း

ငါးလအတွင်း နှစ်ကြိမ်တိုင်တိုင် ပျက်ကျခဲ့တဲ့ Boeing 737 MAX 8 အမျိုးအစား လေယာဉ်တွေကို ပြေးဆွဲတာ ရပ်နားဖို့ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယားတို့က လေကြောင်းလိုင်းတွေကို ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် မတ်လ ၁၁ ရက်နေ့မှာ ဘိုးရင်းလေယာဉ်ကုမ္ပဏီရဲ့ ရှယ်ယာဈေး ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါဟာ ဘိုးရင်းကုမ္ပဏီအနေနဲ့ နှစ် ၂၀ နီးပါးအတွင်း တနေ့တည်းမှာ ရှယ်ယာဈေး အများဆုံး ထိုးကျခဲ့တာပါ။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဈေးကွက်တန်ဖိုး သုံးဆအထိ မြင့်တက်ခဲ့တဲ့ သူ့ရဲ့ရှယ်ယာဈေး တဟုန်ထိုး တက်နေတာလည်း ရပ်သွားခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာကနေ  ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ဆီ ပျံသန်းလာတဲ့ Boeing 737 MAX 8 လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်သွားပြီး မကြာမီ ပျက်ကျခဲ့လို့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကလည်း လိုင်းယွန်းလေကြောင်းလိုင်းက ပြေးဆွဲတဲ့ အဲဒီ ဘိုရင်းလေယာဉ် အမျိုးအစားဟာ အင်ဒိုနီးရှားကမ်းလွန် ပင်လယ်ပြင်မှာ ပျက်ကျလို့ စီးနင်းလိုက်ပါလာသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
2 years Ago
Up