ဘုရားသုံးဆူ

January 26, 2023

ဘုရားသုံးဆူ ဌာနဆိုင်ရာ ရုံးအချို့ ထပ်မံမီးရှို့ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ တိုက်နယ်ဆေးရုံအနီးမှာရှိတဲ့ သစ်တောရုံးနဲ့ SB ရုံးတွေ ဇန်နဝါရီ ၂၅ ရက် ည ၁၀ နာရီလောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မနေ့က လက်ကျန်လေးတွေ ပြန်လာရှင်းတာ။ မီးလေးနည်းနည်းပြန်လာရှို့တာပဲ။ ကျန်တာတော့ ဘာမှမရှိပါဘူး။ လူတွေလည်း အထိအခိုက်မရှိဘူး။ သစ်တောရုံးကလည်း လောင်သွားတယ်။ ရုံးကြီးမလောင်သွားပြီး ပုံထားတဲ့သစ်တွေ လောင်သွားတာ။ သူ့ဟာနဲ့သူ တိတ်တိတ်ဆိတ်ဆိတ်လေး လာလုပ်သွားတဲ့ပုံစံ။ ပထမ သူတို့လုပ်သွားတော့ လူတွေက ရုတ်ရုတ်ဖြစ်သွားတာကို။ ကျန်တာတော့ ဘာမှမဖြစ်ဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က မြို့ပေါ်ရှိ မြို့နယ်အအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လ.ဝ.က ရုံး အပါဝင် ရုံး ၅ ခုနဲ့ ရုံးအနီးက ဆိုင်ခန်းတွေလည်း မီးလောင် ပျက်စီးသွားခဲ့ရပါတယ်။

ဘုရားသုံးဆူမြို့မှာ အခုလို မီးရှို့တိုက်ခိုက်မှုတွေ ရှိနေသလိုပဲ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့နယ်အကြားမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အလားတူ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့အနီးရှိ ကမ်းနီကျေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ အခြားပူးပေါင်း မဟာမိတ်တပ်ပေါင်းစုအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မနေ့ညကလည်း ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း အစရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာနဲ့ လေကြောင်းစစ်ကူ Mi 35 ရဟတ်ယာဥ် အမျိုးအစားတွေ အသုံးပြုပြီးတော့လည်း စစ်ကူပေးနေကြောင်း Lion Battalion Commando က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဦး ထက်မနည်း ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

5 days Ago

January 24, 2023

ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးအကြား တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးမြို့အကြား စစ်ကူလာတဲ့ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့  ကော်သူးလေတပ်မတော် (KTL Army) တို့  ဇန်နဝါရီ ၂၄ ရက် ဒီနေ့မနက် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ KTL Army ကထုတ်ပြန်လိုက်ပါတယ်။

KTL Army  ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့ ကျုံဒိုး - ညောင်ရိပ်သာ ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့  စစ်ကောင်စီတပ်တွေ  အနီးကပ်ထိတွေ့ပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတာလို့ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က မနက်ကထိ အနည်းဆုံး ၃ ဦးကျဆုံး ၅ ဦး အပြင်းအထန်ဒဏ်ရာရကာ  စက်လက် MA 2 တစ်လက် သိမ်းယူရရှိထားပြီး စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှုများနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်းနဲ့  စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနဲ့ ပစ်ခတ်နေပေမဲ့ ကော်သူးလေတပ်မတော်နဲ့ ပြည်သူ့ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့ ည ၈  နာရီဝန်းကျင်ကစလို့ ဘုရားသုံးဆူမြို့ရှိ  ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်တဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

တိုက်ပွဲဖြစ်ချိန် ဒေသခံတွေကတော့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ပုန်းအောင်းနေရတယ်လို့  ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ လမ်းကြောင်းဘက်ကို  စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဘုရားသုံးဆူမြို့ DKBA ဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး ည ၁၁ နာရီလောက်မှာ‌ စစ်ကောင်စီလေယာဉ်တွေ လာရောက်ပြီး ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ကြားထဲက စစ်မြေပြင်တွေမှာ ဗုံးကြဲသွားခဲ့သလို ဘုရားသုံးဆူမြို့ နဂါးနီတောင်ကုန်းပေါ်မှာလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား၊ ရဲ၊ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတွေ အမြန်ဆုံးနုတ်ထွက်ပြီး ပြည်သူနဲ့အတူပူးပေါင်းဖို့ KNU က သတိပေးထုတ်ပြန်ထားပါတယ်။ 

ဘုရားသုံးဆူတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

7 days Ago

ဘုရားသုံးဆူမြို့တွင်းတိုက်ပွဲပြင်းထန်၊ စရဖရုံးအပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရ

ကရင်ပြည်နယ်၊၊ ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီလောက်က မြို့တွင်းတိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီရဲ့  စစ်ထောက်လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်ရုံးနဲ့ လ၀ကရုံးတွေကို KNLA နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မြို့ခံပြည်သူတစ်ဦးက"မီးရှို့ခံရတာက စရဖရုံးရယ်၊ လဝကရုံးရယ်ဦ ထွေအုပ်ရုံးတွေလို့ တော့ သိရတယ်။ လောလောဆယ်တော့ တိုက်ပွဲတွေက ဖြစ်နေတော့ ဘယ်သူမှ ထွက်ပြီး မီးမသတ်ရဲဘူး။ ကိုယ်မိသားစု ဘေးကင်းလုံခြုံအောင်ပဲ လုပ်နေရတယ်။ နောက်ထပ် ဘယ်ရုံးတွေပါသေးလဲဆိုတာတော့ သေချာမသိသေးဘူး"လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံပြည်သူတစ်ယောက်က ပြောပါတယ်။

ဘုရားသုံးဆူမြို့ကို ဦးတည်ပြီ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေပျံသန်းလာတဲ့အပြင် ကြာအင်းဆိပ်ကြီးမြို့ကနေ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

1 week Ago
More News
Up