ဘိလိယက်နှင့်စနူကာ

June 12, 2019

မြန်မာ ဘိလိယက်နှင့် စနူကာ အားကစားအဖွဲ့ ဆီးဂိမ်းတွင် အောင်မြင်မှုမျှော်မှန်း

မြန်မာ ဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့ဟာ လာမယ့်ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း အမျိုးအစား အများစုကနေ အမြင့်ဆုံး အောင်မြင်မှုတွေ မျှော်မှန်းထားနိုင်တယ်လို့ ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ပြောပါတယ်။ ဘိလိယက်၊ စနူကာနဲ့ ပူးလ်ကစားနည်း အသီးသီးမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ မြန်မာကစားသမားတွေဟာ ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ လွဲချော်ခဲ့တဲ့ အောင်မြင်မှုတွေကို လာမယ့်ဆီးဂိမ်းမှာ အရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ သတိထားယှဉ်ပြိုင်ရမယ့် နိုင်ငံတွေကတော့ ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပြီး သက်ဆိုင်ရာ ကစားနည်းအလိုက် ပြည်တွင်းပြည်ပ အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားတွေကတော့ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုတွေနဲ့ လွဲချော်ခဲ့ရပြီး တဦးချင်းနဲ့ အသင်းလိုက်ပြိုင်ပွဲတွေမှာပါ ငွေတံဆိပ်၊ ကြေးတံဆိပ်တို့နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘိလိယက်နဲ့ စနူကာ အားကစားအဖွဲ့ဟာ လာမယ့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိဖို့ နိုင်ငံတော်အနေနဲ့ မျှော်လင့်ထားတဲ့ အားကစားအဖွဲ့တဖွဲ့ဖြစ်ကြောင်း မြန်မာ့အားကစား အသိုင်းအဝိုင်းကနေလည်း ကြားသိရပါတယ်။
2 years Ago
Up