ဘိန်းစိမ်း

June 16, 2020

မိုးညှင်းမြို့အဝင်တွင် ခရီးသည်တင်မော်တော်ယာဉ်ပေါ်က ဘိန်းစိမ်း ၄၅ ထုပ် တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အဝင် နန့်ပုတ်ကျေးရွာအနီး ပြည်ထောင်စုကားလမ်းပေါ်မှာ မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာ အမျိုးသမီးနှစ်ဦးထံမှ ဘိန်းစိမ်း ၄၅ ထုပ် သိမ်းဆည်း ရမိတယ်လို့ နယ်မြေခံ ရဲစခန်းက သိရပါတယ်။ ဇွန်လ ၁၄ ရက်မွန်းတည့် ၁၂ နာရီလောက်က မိုးညှင်းခရိုင်မူးယစ်တပ်ဖွဲ့စု (၃) မှ တပ်ဖွဲ့ဝင်တွေ၊ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ မိုးညှင်းမြို့မရဲစခန်း၊ မိုးညှင်းအမှတ် (၁၀၁) ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ပူးပေါင်း အဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာတဲ့  ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့တာပါ။ စစ်ဆေးရာမှာ မော်တော်ယာဉ်ခေါင်မိုးပေါ် တင်ဆောင်လာတဲ့ ရောင်စုံ ပလပ်စတစ်လက်ဆွဲခြင်း ၃ လုံးအတွင်းမှ တိတ်တွေနဲ့ ပတ်ထားတဲ့ ဘိန်းစိမ်းလို့ယူဆရတဲ့ အမဲရောင်အစေး ၁ ဒသမ ၄ ကီလိုပါ ၄၅ ထုပ် စုစုပေါင်းအလေးချိန် ၆၃ ကီလိုခန့်ကို ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါဘိန်းစိမ်းတွေကို ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရွာ ဖယ်ခုံမြို့နယ်နေ စိုင်းအိုက်ဆေး (ခ)ကျော်ဝင်းထံမှ ၁ ထုပ်လျှင် ကျပ် သုံးသိန်းခွဲနဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတဲ့  မိုးညှင်း ပင်းဟဲကျေးရွာနေ ဒေါ်ခင်မေနွဲ့ (၆၀ နှစ်) နဲ့ မိတ္ထီလာမြို့နယ်နေ ဒေါ်သန်းသန်းအေး (၅၄ နှစ်) နဲ့ ဖယ်ခုံမြို့နယ် မိုးဗြဲရွာ  နေ စိုင်းအိုက်ဆေး (ခ)ကျော်ဝင်း(၄၀ နှစ်) တို့ကို မိုးညှင်းမြို့မရဲစခန်းမှ ပုဒ်မ ၁၉(က)/ ၂၁ နဲ့ အမှုဖွင့်ထားပြီး စိုင်းအိုက်ဆေး (ခ) ကျော်ဝင်းကို အမြန်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
11 months Ago

December 21, 2019

မိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ၅၀၀ ဂရမ်နှင့် သေနတ်ကိုင်ဆောင်သူ ၁ ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့အနောက်ဘက် မိုင်းတုံ-တာဆန်းသွားလမ်းနဲ့  ၁၈ မိုင် အကွာက ဂေါ်တောရွာမှာ အမျိုးသားတဦးကို ဘိန်းစိမ်းလို့ယူဆရတဲ့ အမည်းရောင်အစေးခဲ ၅၀၀ ဂရမ်နဲ့တလုံးထိုး ပြောင်းချော သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စုထံက သိရပါတယ်။ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးခိုင်က "မူးယစ်ဆေးဝါးလက်ဝယ်ရှိနေကြောင်းသတင်းရလို့ ရှာဖွေခဲ့ရာက အိပ်ယာဘေးမှာ ပလပ်စတစ်အကြည်ရောင်နဲ့ထ ထုပ်ထားတဲ့အမဲရောင်အစေးခဲ တစ်ထုပ်နဲ့ အခန်းထောင့်တိုင်မှာ  ချိတ်တားတဲ့ ရုရှားနိုင်ငံလုပ် ၁၂ ဗို့ တစ်လုံးထိုး ပြောင်းရှည် တလက်ကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။ ကျည်တော့မပါပါဘူး'' လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ဂေါ်တော်ရွာနေသူ အသက် ၃၄ နှစ်အရွယ်ရှိ ကျလောကို  မိုင်းတုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေ ပုဒ်မ ၁၉(က)နဲ့ လက်နက်ဥပဒေ ပုဒ်မ ၂၂ (ခ)အရ အမှုဖွင့်အရေးယူထားပါတယ်။ အောင်ဇေယျ
1 year Ago
Up