ဘာရိန်းဘောလုံးသမားဟောင်း

December 12, 2018

ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် ဘာရိန်းဘောလုံးသမားဟောင်းကို တရားရုံးထုတ်

သြစတြေးလျအစိုးရက ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ဘာရိန်းလက်ရွေးစင် ဘောလုံးသမားဟောင်း ဟာကင်းမ် အယ်လ် အာရိုင်ဘီကို ဒီဇင်ဘာ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ တရားရုံးထုတ်ခဲ့ပါတယ်။ သူ့ကို ဘာရိန်းအစိုးရရဲ့ တောင်းဆိုချက်အရ နိုင်ငံတကာရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အကြောင်းကြားစာကြောင့် ထိုင်းနိုင်ငံထဲမှာ နိုဝင်ဘာ ၂၇ ရက်က ဖမ်းဆီးခဲ့တာပါ။ ဒီဇင်ဘာ ၇ ရက်က တရားရုံး ကြားနာချက်အရ သူ့ကို တရားဝင် ဖမ်းဝရမ်းနဲ့ ဖမ်းတာဖြစ်လို့ ဘာရိန်းနိုင်ငံကို လွှဲပေးနိုင်ချေ ရှိနေပါတယ်။ အယ်လ် အာရိုင်ဘီဟာ ဘာရိန်းနိုင်ငံအတွင်း ရဲစခန်းတခုကို ဖျက်ဆီးမှုနဲ့ တရားစွဲခံထားရပြီး မျက်ကွယ်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပေမယ့် သူကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေးကာလမှာ အစ်ကိုဖြစ်သူက နိုင်ငံရေးလှုပ်ရှားခဲ့လို့ အယ်လ်အာရိုင်ဘီပါ ဘာရိန်း အာဏာပိုင်တွေရဲ့ နှိပ်စက်တာ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး Human Rights Watch က ပြောပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မရိစ်ပိန်းကတော့ အယ်လ်အာရိုင်ဘီကို ဒုက္ခသည်အဖြစ် ၂၀၁၇ မှာ သြစတြေးလျ အစိုးရက လက်ခံထားပြီးသားဖြစ်လို့ ပြန်လွှတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အာဆီယံလွှတ်တော်ကလည်း သူ့ကို ဘာရိန်းဆီ ပြန်ပို့ရေး အစီအစဉ်တွေကို ရပ်ထားဖို့ ဆော်သြပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း သူ့ကို သြစတြေးလျနိုင်ငံဆီ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပို့ဖို့ တိုက်တွန်းခဲ့ပါတယ်။
3 years Ago
Up