ဘာရိန်း

February 12, 2019

ထိုင်းတွင် ထိန်းသိမ်းခံနေရသည့် ဘာရိန်းဘောလုံးသမား ပြန်လည်လွတ်မြောက်

ဘာရိန်းအစိုးရရဲ့ တောင်းဆိုချက်နဲ့ ထိုင်းနိုင်ငံအတွင်း ထောင်ထဲမှာ ၂ လကျော်ကြာ ထိန်းသိမ်းခံထားရတဲ့ ဘာရိန်းဘောလုံးသမားဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ပြန်ရောက်လာပါတယ်။ ဘာရိန်းနိုင်ငံကနေ ၂၀၁၄ မှာ ထွက်ပြေးလာတဲ့ အသက် ၂၅ နှစ်အရွယ် ဟက်ခင်းမ် အယ်လ် အာရိုင်ဘီဟာ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့တာပါ။ နိုဝင်ဘာမှာ ထိုင်းနိုင်ငံကို ပျားရည်ဆမ်း ခရီးအတွင်း ဘာရိန်း အစိုးရရဲ့ တောင်းဆိုချက်အရ နိုင်ငံတကာ ရဲတပ်ဖွဲ့က သူ့ကို ထိုင်းနိုင်ငံထဲမှာ ဖမ်းခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ပြီး သံတမန်ဖိအားကို အကြီးအကျယ် သုံးခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ဘာရိန်းအစိုးရက ထိုင်းနိုင်ငံကနေ အကျဉ်းသား လွှဲပြောင်းရေး တောင်းဆိုချက်ကို လက်လျှော့ဖို့ သဘောတူခဲ့ပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် စတော့ မောရစ်ဆင်ကလည်း အာရိုင်ဘီကို ပြန်လွှတ်ပေးတဲ့အတွက် ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က ပြောပါတယ်။ သြစတြေးလျ အမျိုးသား ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ခရေ့ခ်ျ ဖှိုးစတားကလည်း ခုလို ပြန်လွတ်လာတာဟာ အကောင်းဆုံးရလဒ်ပဲလို့ ပြောပါတယ်။ အာရိုင်ဘီဟာ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးအတွင်း ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။ သူကတော့ မကျူးလွန်ဘူးလို့ ငြင်းရင်း ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အချိန်မှာ ဘောလုံးပွဲ ကြည့်နေခဲ့တယ်လို့ ပြောထားပါတယ်. အာရိုင်ဘီကို လွှတ်ပေးဖို့ သြစတြေးလျ ဝန်ကြီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ်ဆီ ၂ ကြိမ် စာရေးခဲ့တာပါ။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးကတော့ သူ့ကို လွှတ်ပေးရေး ဖိအားပေးဖို့ ဘန်ကောက်ကို လူကိုယ်တိုင်လာခဲ့ပါတယ်။ ဘောလုံး ငွေကြယ်ပွင့်တွေကလည်း အာရိုင်ဘီကို လွှတ်ပေးရေး ထိုင်းနိုင်ငံကိုရော ဘာရိန်းနိုင်ငံကိုပါ တောင်းဆိုရင်း ဖိအားပေးခဲ့ကြပါတယ်။
2 years Ago

October 17, 2018

မြန်မာအသင်း ဘာရိန်းကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဘာရိန်းနိုင်ငံ၊ အမျိုးသားအားကစားကွင်းမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အိမ်ရှင် ဘာရိန်းလက်ရွေးစင် အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ပထမပိုင်း ပွဲအစမှာ ဘာရိန်းအသင်းရဲ့ တိုက်စစ်ကို အသဲအသန် လိုက်ကစားခဲ့ရပေမယ့် နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂိုးသမား ကျော်ဇင်ထက်ကလည်း ဘာရိန်းတိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ၄၄ မိနစ်လောက်မှာတော့ ဘာရိန်းရှေ့တန်းလူကို  မြန်မာနောက်ခံလူ ဒေးဗစ်ထန်း ဂိုးဧရိယာထဲမှာ ဘောလုံးဖျက်ထုတ်ရာကနေ ပယ်နယ်တီ ပေးလိုက်ရလို့ ပထမပိုင်းမှာ ဘာရိန်းက ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာ ဘာရိန်းအသင်းက မြန်မာဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ အမြင့်ဘောဖြတ်တင်တဲ့ဘောလုံးကို မိုဟာမက်က ခေါင်းတိုက် သွင်းယူခဲ့လို့ ဘာရိန်းအသင်း ၂ ဂိုး ရရှိသွားပါတယ်။ မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ လူစားဝင်လာတဲ့ အလယ်တန်းလူ  မြတ်ကောင်းခန့်က ဝင်ကစားပြီး ၁ မိနစ်အကြာ ပွဲချိန် ၅၁ မိနစ်မှာ ဘာရိန်းနောက်ခံလူတွေ ကြားထဲကနေ အနိမ့်ဘော ကန်သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးနောက် ဘာရိန်းအသင်း ကစားရှိန်မြှင့်တင်ခဲ့ရာမှာ ၆၇ မိနစ်မှာ ဘာရိန်းအသင်းအတွက် တတိယအနိုင်ဂိုးကို မိုဟာမက်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ၆၉ မိနစ်မှာ အီဆာက အနီးကပ် ကန်သွင်းပြီး စတုတ္တဂိုး ရရှိသွားပါတယ်။ မြန်မာအသင်းဟာ သီတင်းတပတ်လောက်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်ဒိုနီးရှားကို အဝေးကွင်းမှာ ၃-၀ ဂိုး၊ ဘိုလီးဗီးယားကို အိမ်ကွင်းမှာ  ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ခု အဝေးကွင်းမှာ ဘာရိန်းကို ၄-၁ ဂိုးနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ဆက်တိုက်ကစားနေတာဖြစ်ပြီး ဘာရိန်းနိုင်ငံကနေ ကာတာနိုင်ငံကို ဆက်လက်သွားရောက်ကာ ခြေစမ်းပွဲ ၅ ပွဲလောက် ကစားဖို့ အစီအစဉ်ရှိပါတယ်။
3 years Ago
More News
Up