ဘရာဇီးလ်တွင်

January 19, 2018

ဘရာဇီးလ်တွင် ခရီးသွားလာရေးစရိတ် မြင့်တက်မှုကြောင့် လူထု ဆန္ဒပြ

ဘရာဇီးလ်နိုင်ငံ ဆောင်ပေါ်လိုမြို့မှာ ခရီးသွားလာရေးစရိတ်တွေ ရုတ်တရက် မြင့်တက်သွားတဲ့အတွက် ဇန်န၀ါရီ ၁၇ ရက်က လူထု လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဘဏ်တခုကို တိုက်ခိုက်တာနဲ့ ဘတ်စ်ကားလမ်းကို ပိတ်တာတွေ လုပ်ခဲ့ကြပါတယ်။ တိုင်းပြည်စီးပွားရေး နိမ့်ကျနေချိန်မှာ ဆောင်ပေါ်လို အာဏာပိုင်တွေက အများသုံးပို့ဆောင်ရေး ယာဉ်စီးခတွေကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်အထိ မြှင့်တင်လိုက်ပြီးတဲ့နောက် အခုလို ဆန္ဒပြမှုတွေဖြစ်လာတာပါ။ ရဲတွေက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့သလို ဖမ်းဆီးမှုတချို့လည်း ရှိခဲ့ပါတယ်။ ချီတက်ဆန္ဒပြပွဲမှာ ကျောင်းသားတော်တော်များများ ပါဝင်ခဲ့ပါတယ်။ လူဦးရေ ၁၂ သန်းကျော်ရှိတဲ့ ဆောင်ပေါ်လိုမြို့မှာ မြို့ထဲသွားလာမှု အခမဲ့ဖြစ်ရေး တောင်းဆိုခဲ့ကြပါတယ်။ “ခရီး စရိတ်မြှင့်တာကိုပဲ ကျနော်တို့ ဆန္ဒပြတာ မဟုတ်ပါဘူး။ လမ်းကြပ်တဲ့ ဆောင်ပေါ်လိုမြို့ထဲကို အခမဲ့သွားနိုင်မယ့် စနစ်တခုရှိလာဖို့လည်း ရည်ရွယ်ပါတယ်။ သွားလာဖို့ခက်တဲ့ ကျောင်းသားတွေအတွက် အခမဲ့သုံးနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပြသွားပါတယ်။
4 years Ago

December 2, 2017

ဘရာဇီးလ်တွင် အိမ်ခြေမဲ့လူဦးရေ ၃ ဆ တိုးလာ

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့နဲ့ တခြားမြို့တွေမှာ အိမ်ခြေမဲ့ လူဦးရေ ၃ ဆ တိုးလာပါတယ်။ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဘရာဇီးလ်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက တိုးလာနေတာပါ။ ၂၀၁၆ ခုနှစ်ထဲ ရီယိုမြို့ထဲမှာ အိမ်ခြေမဲ့ လူ ၁၄၀၀၀ ရှိလာတယ်၊ ၂၀၁၃ ခုနှစ်က အိမ်ခြေမဲ့ ၅၅၀၀ သာ ရှိတယ်လို့ စာရင်းအင်းတွေက ဆိုပါတယ်။ ချမ်းသာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ နေထိုင်ရာ ရီယိုမြို့က ကိုပါကာ ဘာနာ၊ အစ်ပါနေမာနဲ့ လေဘလွန် ရပ်ကွက်တွေက ဒေသခံတွေက အိမ်ခြေမဲ့တွေကို ဖယ်ရှား အရေးယူပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ပြည်နယ်တွင်း ဆင်းရဲနေပြီး တချို့ ခိုလှုံရေးစခန်းတွေက ဝေးလံသီခေါင်တဲ့ နေရာတွေမှာ ရှိနေတယ်လို့ ဆင်းရဲသားတွေဘက်က ရှေ့နေလိုက်သူတွေက ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ခြေမဲ့တွေကို ခိုလှုံရေးစခန်းဆီ ရွှေ့ပြောင်းရေး အားထုတ်မှုတွေ ပိတ်ဆို့ နေပါတယ်။ ဒါကြောင့် မြို့အစိုးရက မြို့တွင်း ဘူတာကြီးနားမှာ အများပြည်သူ ခိုလှုံရေး စခန်းသစ် ဖွင့်လှစ်နေပြီး အိမ်ခြေမဲ့တွေ အလုပ်အကိုင်ရဖို့ ကူညီမယ့် သင်တန်းတွေ စီစဉ်ပေးပါတယ်။ လက်ရှိ ခိုလှုံရေး စခန်းတွေကိုလည်း ရေပူစက်တွေ တပ်ဆင်တာနဲ့ အင်းဆက်ပိုးမွှား ပေါတဲ့ ဥပစာတွေကို ပိုးမွှားသေအောင် မှိုင်းတိုက်တာတွေ လုပ်ခဲ့ပါတယ်။ အိမ်ခြေမဲ့တွေထဲမှာ လူငယ်တွေ များလာပြီး မူးယစ်ဆေးစွဲသူ ပိုများလာတယ်လို့ အကူ အညီပေးရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံအဆောက်အဦတွေ ပြုပြင်မွမ်းမံ တည်ဆောက်မှုကို ဦးတည်သင့်သလား၊ လမ်းပေါ်မှာ နေရအောင် တွန်းပို့ခံရတဲ့ လူတွေကို ကူညီသင့်သလား၊ ဆိုတာ ပြည်သူ့မူဝါဒတွေက ရည်ညွှန်းပေးဖို့ သူက ဆော်သြခဲ့ပါတယ်။
4 years Ago
Up