ဘရာဇီးဖိုက်တာ

July 24, 2021

အောင်လန်အန်ဆန်ကို အလဲထိုးပြီး အနိုင်ယူမည်ဟု ပြိုင်ဘက် လီအန်ဒရိုအတိတ် ပြော

ဇူလိုင် ၃ဝ ရက်မှာ ထိုးသတ်ရမယ့် အောင်လအန်ဆန်နဲ့ပွဲမှာ အလဲထိုးပြီး အနိုင်ယူချင်ကြောင်း ပြိုင်ဘက် ဘရာဇီးဖိုက်တာ လီအန်ဒါရိုအတိတ်က ပြောပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်၂ ခုကို လက်လွှတ်လိုက်ရပြီးနောက် မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် အတိတ်နဲ့ ပွဲက အရေးပါနေပါတယ်။

ဘရာဇီးဖိုက်တာ လီအန်ဒရို အတိတ်ကတော့ အောင်လအန်ဆန် က ဖိုက်တာကောင်းတစ်ဦးဖြစ်လို့ လေးစားမှုရှိပေမယ့် ဒုတိယအချီလောက်မှ အလဲထိုးပြီး အနိုင်ယူချင်တယ်လို့ One Championship နဲ့ အင်တာဗျူးမှာပြောပါတယ်။

အန်ဒရိုအတိတ်က “ဒီပွဲက ကျနော့်အတွက် အရမ်းစိတ်လူပ်ရှားစရာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော် သူ့ကို အားပေးခဲ့ပါတယ်။ ဒီအချိန်ကတော့ သူနဲ့ ယှဉ်ပြိုင်ရဖို့ဖြစ်လာခဲ့ပြီ။ ဒီပွဲက ခါးပတ်ပွဲမဟုတ်သေးပေမယ့် စိတ်လှုပ်ရှားမိပါတယ်။ သူက သူ့နိုင်ငံရဲ့ ခမ်းနားတဲ့စံပြ MMAကစားသမားဖြစ်ပြီး လေးစားစရာ ကောင်းပါတယ်။ သူ့အနေနဲ့ ချန်ပီယံမဟုတ်တော့တဲ့အတွက် ဒေါထွက်နေမှာတော့ အမှန်ပါ။ ကျနော်က ဖွင့်ပြီး တိုက်ခိုက်ရတာကြိုက်တယ်။ သူက လက်သီးကောင်းတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ သူက ချန်ပီယံဖြစ်ပြီးသားပါ။ ဒီတစ်ကြိမ်တော့ ကျနော့်အတွက် ဖြစ်လာမှာပါ။ ဒုတိယအချီမှာ အနိုင်ယူနိုင်မယ်လို့ ထင်တယ်။ ဒါက ကျနော့်ရည်မှန်းချက်ပါ။ အလဲထိုးသွားချင်တယ်။ သူနဲ့ ထိုးသတ်ရတာက ခက်ခဲမယ်ဆိုတာ  သိတယ်။ သူ့ကို ဘယ်သူမှလည်း အလဲထိုးဖူးတာ မတွေ့ဖူးသေးဘူး။ ဒီပွဲကတော့ သူ့ကိုအလဲထိုးနိုင်မယ့် အခွင့်အရေးပါပဲ” လို့ အတိတ်ကပြောခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ ဘဝက တိုက်ပွဲဖြစ်ပြီး လက်ရှိကာလမှာ ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့နေရပါစေ ဆက်ပြီးတိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရေးသားထားပါတယ်။

အသက် ၃၅ နှစ်ရှိ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရ လီအန်ဒရိုအတိတ်ဟာ  MMA ၁၅ ပွဲမှာ ၁၁ ပွဲနိုင် ၄ ပွဲရှုံးထားပါတယ်။ အောင်လအန်ဆန် အနိုင်ယူခဲ့ဖူးတဲ့ မိုဟာမက်အလီ၊ ဗစ်တာလီဘစ်ဒက်ရှ် တို့ကိုလည်း အနိုင်ယူခဲ့ဖူးပြီး ဒီရိုက်ဒါကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။

3 months Ago
Up