ဘယ်လို အနိုင်ယူခဲ့ကြလဲ

May 8, 2020

ကိုဗစ်-၁၉ ကို ဘယ်လို အနိုင်ယူခဲ့ကြလဲ 

ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ အမေရိကန် အရေအတွက်ဟာ ဗီယက်နမ် စစ်ပွဲမှာ ကျဆုံးသွားတဲ့ အမေရိကန် စစ်သားအရေအတွက်ထက် သိသိသာသာ ပိုများလာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က တနိုင်ငံလုံးကို ဖျက်ဆီးနေရာမှာ အတည်ပြုလူနာ ၁ သန်းကျော်ပြီး လူသေစာရင်းကလည်း နေ့စဉ် တိုးနေပါတယ်။ တချို့ပြည်နယ်တွေမှာ စီးပွားရေးကို ပြန်ဆယ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ အိမ်ထဲမှာနေကြဖို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပြန်ရုပ်သိမ်းနေကြပါတယ်။ လူ့အသက်တွေ အန္တရာယ်ကျရောက်နေတဲ့ အချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှပစိဖိတ်ဒေသထဲက ကူးစက်ရောဂါကို ထိန်းချုပ်နိုင်၊ တိုင်းပြည်စီးပွားရေးကိုလည်း  ကယ်တင်နိုင်ခဲ့ကြတဲ့ နိုင်ငံတွေကို နမူနာယူဖို့ အချိန်ကျပါပြီ။  အာရှပစိဖိတ်ဒေသထဲက သြစတြေးလျ၊ တရုတ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ် တို့လို နိုင်ငံအတော်များများဟာ ရောဂါ ကူးစက်မှုကို ထိန်းနိုင်ပါတယ်။ လူနာ တစ်ယောက်ဆီကနေ နောက်ထပ်တယောက်လောက်ပဲ ကူးစက်အောင် ထိန်းချုပ်နိုင်ပါတယ်။  ဒီနိုင်ငံတွေဟာ ရောဂါ ကူးစက်မှုကို ထိန်းချုပ်တဲ့နေရာမှာ ကူးစက်ခံထားရသူတွေနဲ့ သူတို့နဲ့  အနီးကပ် ဆက်ဆံဖူးသူတွေကိုသီးသန့်ခွဲထားတဲ့ နည်းလမ်းတွေကို အသုံးပြုလို့ အလျင်အမြန် အောင်မြင်မှု ရခဲ့ကြပါတယ်။   ဖြစ်နေပုံက ကမ္ဘာနှစ်ခု ရှိနေတဲ့အတိုင်းပါပဲ။   အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ ၆၆၀၀၀ ကျော်သွားပြီးဖြစ်လို့ လူ ၁ သိန်းမှာ ၂၀ နှုန်းဖြစ်ပါတယ်။ လူ ၁ သိန်းအပေါ်မှာ တွက်ရင် လူသေစာရင်းမှာ အနောက်ဥရောပနိုင်ငံတွေကလည်း သေနှုန်း မြင့်ပါတယ်။ ဘယ်လ်ဂျီယံ ၆၇၊ ပြင်သစ် ၃၇၊ အီတလီ ၄၇၊ ဂျာမနီ ၈၊ စပိန် ၅၃၊ ဆွီဒင် ၂၆ အသီးသီး ရှိကြပါတယ်။  အာရှပစိဖိတ်ဒေသမှာတော့ သိသိသာသာ နည်းပါတယ်။ သြစတြေးလျ ဝ ဒသမ ၄၊ တရုတ် ဝ ဒသမ ၃၊ နယူးဇီလန် ၀ ဒသမ ၄၊ တောင်ကိုရီးယား ဝ ဒသမ ၅၊ ထိုင်ဝမ် ဝ ဒသမ ၀၃ အသီးသီး ရှိကြပါတယ်။ တခြားနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ခဲ့တဲ့ဗျူဟာကို အမေရိကားက မမြင်တဲ့ အတိုင်းပါပဲ။ ကမ္ဘာဟိုဘက်ခြမ်းက အောင်မြင်နေတဲ့ကိစ္စကို တခြားဘက်ခြမ်းက သင်ခန်းစာ မယူတာ ဘယ်လိုဖြစ်ရတာပါလိမ့်။  ဝေါစတြိဂျာနယ်ရဲ့ ဆောင်းပါးတပုဒ်မှာ ဂျာမနီရဲ့အောင်မြင်မှုကို အလွန်အမင်း ချီးမွမ်းပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ အီတလီ၊ စပိန်တို့နဲ့ နှိုင်းယှဉ်ထားတာလည်း အင်္ဂါနေ့က ဖတ်လိုက်ရပါတယ်။ တကယ်တော့ ဂျာမနီရဲ့ လူ ၁ သန်းအပေါ်မှာ သေနှုန်းကို  ထိုင်ဝမ်၊ ဟောင်ကောင်တို့နဲ့ နှိုင်းယှဉ်ရင် ၁၀ ဆလောက်အထိ မြင့်မားတဲ့အချက်ကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့နဲ့ နှိုင်းယှဉ်ရင်တောင် ၁၀ ဆ ပိုမြင့်နေပါတယ်။ ဒီနိုင်ငံတွေဟာ ဘယ်လိုနည်းတွေနဲ့ အောင်မြင်ခဲ့ကြသလဲ။  တော်တော်များများကတော့ တနိုင်ငံလုံး လွှမ်းခြုံတဲ့ ပြည်သူ့ကျန်းမာရေး စံနှုန်းတွေ၊ မိုဘိုင်း နည်းပညာ၊ အစိုးရရဲ့ ပရော်ဖက်ရှင်နယ်ကျမှု၊ နှာခေါင်းစည်းနဲ့ လက်ဆေးရည်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုမှု၊ ကူးစက်ခံထားရသူတွေနဲ့ ကူးစက်ခံရနိုင်ခြေရှိသူတွေကို အထူးကြပ်မတ် ကုသတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။  ရောဂါ ရှိ၊ မရှိ စမ်းသပ်ခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ တချို့တွေ နားလည်နေကြသလိုမျိုး ဒီလိုစမ်းသပ်ခြင်းက ပြဿနာရဲ့အစကနေ အဆုံးအထိ အဖြေ မဟုတ်ပါဘူး။   ဥပမာ ဗီယက်နမ်ရဲ့ အောင်မြင်မှုကိုကြည့်ရင် လူနာနဲ့ အနီးကပ် ဆက်ဆံခဲ့သူတွေကို ခြေရာခံတာနဲ့ သီးသန့်ခွဲထားတဲ့ နည်းလမ်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ လူတယောက် ကူးစက်တာ အတည်ပြုနိုင်ပြီဆိုတာနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံခဲ့သူတွေကို ရောဂါလက္ခဏာ ပြပြ၊ မပြပြ သီးသန့်ခွဲထားလိုက်ပါတယ်။ ဒီလို လုပ်လိုက်တာကြောင့် ဗီယက်နမ်ဟာ နိုင်ငံလူဦးရေအချိုးနဲ့တွက်ရင် ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ အရေအတွက်  သိပ်မများပေမယ့် ကူးစက်မှုကို ထိန်းချုပ်ရာမှာတော့ အတော်လေး ထိရောက်ခဲ့ပါတယ်။ ဗီယက်နမ်မှာ လူဦးရေ ၉၅ သန်း ရှိပေမယ့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တယောက်တောင် မရှိခဲ့ပါဘူး။  နယူးဇီလန်အစိုးရကလည်း ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးနိုင်ပါပြီ။ အာဏာပိုင်တွေရဲ့ အဆိုအရ အခုအချိန်မှာအုပ်စုလိုက် ကူးစက်မှုအသစ်တွေ ဖြစ်လာရင် ကောင်းကောင်း စမ်းသပ်နိုင်၊ ခြေရာခံနိုင်တဲ့အနေအထားမှာ ရှိနေပြီလို့ ဆိုပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ်က အလွန်သတိရှိရှိနဲ့ စကားကို တိတိကျကျ အခုလို ဆိုပါတယ်။  “နယူးဇီလန်မှာလူတွေ အစုလိုက်အပြုံလိုက် ကူးစက်မှု မဖြစ်အောင် စမ်းသပ်မှုတွေကို နှံ့နှံ့စပ်စပ် ပြုလုပ်ခဲ့ပါတယ်။ ကျမတို့ စစ်ပွဲမှာ အနိုင်ရပါပြီ။ ဒါပေမဲ့ ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် အမြဲတမ်း သတိရှိနေဖို့လည်း လိုပါတယ်။” အပ္ပမာဒေန သမ္ပာဒေထ ပါပဲ။  အာရှပစိဖိတ်ဒေသထဲက တခြားနိုင်ငံတွေရဲ့ အောင်မြင်မှုကလည်း ဒီသဘောတွေပါပဲ။ တောင်ကိုရီးယားဆိုရင် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ဖို့ စမ်းသပ်မှုတွေနဲ့ ခြေရာခံတာတွေကို တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တယ်။ အပူချိန်တိုင်းတဲ့ စနစ်၊ ဒစ်ဂျစ်နည်းပညာတို့ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာသစ် တစောင်မှာ ဖော်ပြပါတယ်။  တောင်ကိုရီးယားနိုင်ငံမှာ တယ်လီဖုန်းစာတိုပို့တဲ့စနစ်ကို အသုံးပြုပြီး ပြည်သူတွေကို သတင်းတွေနဲ့ မျက်ခြေမပျက်အောင် အကြောင်းကြားသလို၊ ဖုန်းအပလီကေးရှင်းတွေ မျိုးစုံကလည်း ကိုဗစ်လူနာသစ်ကို ခြေရာခံနိုင်၊ ဆရာဝန်တွေနဲ့ ရက်ချိန်းယူနိုင်၊ ရှောင်ရှားရမယ့် နေရာတွေကို အသိပေးပါတယ်။ အစိုးရဟာ ကွာရန်တင်းဝင်နေတဲ့ လူတွေကိုလည်း ဖုန်းအပလီကေးရှင်းတွေကို အသုံးပြုပြီး စောင့်ကြည့်ပါတယ်။ ရောဂါလက္ခဏာတွေ ပြလာရင် အပလီကေးရှင်းနဲ့ အကြောင်းကြားနိုင်သလို၊ လူနာ သွားလာခဲ့တဲ့နေရာတွေကိုလည်း ခြေရာခံနိုင်ပါတယ်။ ဒီလို အပလီကေးရှင်းမျိုးဟာ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကိစ္စနဲ့ ပတ်သက်နေပေမယ့်  စီးပွားရေးကို လည်ပတ်နေအောင် ထွက်ပေါက် ဖြစ်စေပါတယ်။ ကူးစက်မှုအသစ်တွေ ဆိုးမသွားအောင်လည်း ထိန်းချုပ်နိုင်ပါတယ်။ အမေရိကန်အစိုးရဟာ ဒီလို အောင်မြင်မှုတွေကနေ သင်ခန်းစာယူနိုင်စွမ်း မရှိပါဘူး။ သမ္မတ ဒေါ်နယ်ထရမ့်မှာ ဒီလိုသင်ယူနိုင်တဲ့  အရည်အချင်း မရှိသလို၊ သူ ခန့်အပ်ထားတဲ့ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပုဂ္ဂိုလ်တွေမှာလည်း  ခေါင်းဆောင်နိုင်စွမ်း မရှိကြပါဘူး။ အမေရိကန် ပထမမူဝါဒဟာ နောက်ဆုံးကျတော့ လူသေတဲ့ နေရာမှာ ပထမလို့ ပြောရမလို ဖြစ်လာပါတယ်။ သောင်းနဲ့ချီတဲ့ လူ့အသက်တွေ အလဟဿ ဆုံးရှုံးရပါတယ်။ တခြားနိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို နည်းနာယူမယ်ဆိုရင် စီးပွားရေးကိုလည်း ကယ်တင်နိုင်ပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရက ဒီပုံအတိုင်းပဲ ညံ့ဖျင်းနေမယ်ဆိုရင် မြို့တော်ဝန်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဒီတာဝန်ကိုယူပြီး ရှေ့သို့ ချီတက်ကြမှာ ဖြစ်ပါတယ်။   နေသွင်ညိဏ်း ကိုးကား- WhatAsian nations know about squashing Covid-19 by Jeffrey D. Sachs--  (စာရေးသူ ဂျက်ဖရီဆာ့စ်သည် ကိုလံဘီယာတက္ကသိုလ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးစင်တာ၏ ညွှန်ကြားရေးမှူးနှင့် ပါမောက္ခဖြစ်ပါသည်။)
12 months Ago
Up