ဘတ်ဖွန်

July 11, 2018

ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်သည့်အတွက် ဝမ်းသာဟု ဘတ်ဖွန် ပြော

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူထားတဲ့ ဝါရင့်ဂိုးသမား ဘတ်ဖွန်ဟာ ပဲရစ်မြို့ကို ဇူလိုင် ၉ ရက်နေ့က ရောက်ရှိလာပါတယ်။ အသင်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂိုးသမားကြီး ဘတ်ဖွန်က ဒီကို ပြောင်းရွှေ့နိုင်တဲ့အတွက် အရမ်းဝမ်းသာရတယ်လို့ ပြောပါတယ်။ အသက် ၄၀ အရွယ် ဂိုးသမားဟာ အီတလီကလပ် ဂျူဗင်တပ်အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး မေလကမှ အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ ဂိုးသမား ဘတ်ဖွန်ဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၇၆ ပွဲ ကစားပေးထားပြီး ၂၀၀၆ မှာ အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူထားပါတယ်။ သူဟာ အီတလီအသင်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ဖြစ်ပြီး နောက်ပိုင်းမှာ လက်ရွေးစင်အသင်းကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။ ဘတ်ဖွန်ဟာ ဂျူဗင်တပ်အသင်းမှာ ပွဲပေါင်း ၆၅၅ ပွဲ ကစားပေးထားပါတယ်။
3 years Ago

June 6, 2018

ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်ကို ဥရောပပြိုင်ပွဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်ဂိုးသမား ဘတ်ဖွန်ကို ဥရောပပြိုင်ပွဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဘတ်ဖွန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲပြီးခါနီး ပင်နယ်တီပေးခဲ့တာနဲ့ ပတ်သက်လို့ ဒိုင်လူကြီးကို တွန်းထိုးပြီး စောဒကတက်ခဲ့တာကြောင့် အနီကတ်ပြပြီး အထုတ်ခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်က ပြန်လည်စစ်ဆေးရာမှာ သူ့ရဲ့ မလိုလားအပ်တဲ့ အပြုအမူအတွက် ပွဲပယ် ၂ ပွဲ၊ အနီကတ်ပြစ်ဒဏ်အတွက် ၁ ပွဲ ချမှတ်ခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဝမ်းနည်းမိပြီး မိမိကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်လို့ အခုချိန်ထိ နားမလည်ကြောင်း ဘတ်ဖွန်က ဆိုပါတယ်။ ဒါ့အပြင် မိမိရဲ့ ၂၃ နှစ်တာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဖြတ်သန်းမှုသမိုင်းမှာ အထုတ်ခံခဲ့ရခြင်း မရှိသလို ပွဲပယ်လည်း ချမှတ်ခံရခြင်း မရှိကြောင်းနဲ့ မိမိအနေနဲ့ အဲဒီဖြစ်ရပ်မှာ တရားမျှတစွာနဲ့ ပြုမူလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဘတ်ဖွန်က ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဘတ်ဖွန်အနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးဖြစ်ပေမယ့် တခြားကလပ်အသင်းမှာ ဆက်ကစားမယ်ဆိုရင် ဥရောပပွဲ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up