ဘင်္ဂလားဒေ့ရှ် ရဲအရာရှိကြီး၏ဇနီး ပစ်သတ်ခံရမှု စီစီတီဗွီရုပ်သံ ထွက်ပေါ်

June 6, 2016

ဘင်္ဂလားဒေ့ရှ် ရဲအရာရှိကြီး၏ဇနီး ပစ်သတ်ခံရမှု စီစီတီဗွီရုပ်သံ ထွက်ပေါ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစွန်းရောက်သတ်ဖြတ်မှုတွေကို ကိုင်တွယ်ရှင်းလင်းနေတဲ့ ရဲအရာရှိရဲ့ ဇနီးဟာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့က စစ်သွေးကြွလို့ ယုံကြည်ရသူတွေရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ ခင်ပွန်းဖြစ်သူ ရဲမှူး ဘာဘူးလ် အက်က်တာ(Babul Aktar) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အစွန်းရောက် ဓားခုတ်သတ်ဖြတ်မှုတွေကို အဓိကတာဝန်ယူ စုံစမ်း ဖော်ထုတ်နေတဲ့ ရဲအရာရှိဖြစ်ပြီး အဲဒါတွေကြောင့် သူ့ရဲ့ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း စစ်တကောင်းမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အသက် ၆ နှစ်အရွယ် သားဖြစ်သူကို ကျောင်းသွားပို့ရင်း ပစ်သတ်ခံရတာပါ။ ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ပါမောက္ခတွေ၊ ဘလော့ဂါတွေ၊ လိင်တူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံခြားသားတွေနဲ့ ဘာသာခြားလူနည်းစုတွေလည်း အခုလိုပဲ အစွန်းရောက်တွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အများစုကတော့ နိုင်ငံမှာ အခြေစိုက်တဲ့ မွတ်စလင်အကြမ်းဖက်ဖြစ်တဲ့ ဂျေအမ်ဘီ(JMB) အဖွဲ့ရဲ့ လက်ချက်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရဲတပ်ဖွဲ့နဲ့ ဂျေအမ်ဘီအကြမ်းဖက်အဖွဲ့တို့ ထိပ်တိုက်တွေခဲ့ပြီး သေဆုံးသွားတဲ့ ဂျေအမ်ဘီအကြမ်းဖက်အဖွဲ့ အကြီးအကဲ မိုဟာမက်ဂျာဗက်ကို ဖမ်းဆီးခဲ့စဉ်က ရဲမှူး ဘာဘူးလ် အက်က်တာက ဦးဆောင်ခဲ့တာပါ။ ဇွန် ၅ ရက်နေ့မှာဘဲ နိုင်ငံအနောက်မြောက်ပိုင်းမှာ ဘုရားကျောင်းက ပြန်လာတဲ့ ခရစ်ယာန်ဘာသာဝင်တဦး ဓားခုတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
5 years Ago
Up