ဗုံးကွဲ

March 8, 2019

မိတ္ထီလာတွင် ကတ္တားကို လက်ပစ်ဗုံးဖြင့် ထုရာမှ ဗုံးပေါက်ကွဲ၊ မောင်နှမ ၂ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီးပင်ကုန်အုပ်စု အင်ပင်ဝရွာမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲတာကြောင့် ၇ တန်းကျောင်းသားနဲ့ အမဖြစ်သူတို့ ၂ ဦး သေဆုံးသွားတယ်လို့ ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိတဦးက "ဗုံးပေါက်ကွဲလို့ ၇ တန်းကျောင်းသား ၁ ဦးနဲ့ သူ့အမတို့ သေဆုံးသွားတယ်။ လူကြီးတွေ သွားစစ်ဆေးနေကြတယ်။ အင်ပင်ဝရွာက မြို့နဲ့ အလှမ်းဝေးတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ သီးပင်ကုန်းရွာ အမှတ် ၅၄ အလယ်တန်းကျောင်း တက်နေသည့် အင်ပင်ဝရွာနေ ၇ တန်းကျောင်းသား မောင်ချစ်သဲစိုး (၁၂နှစ်) ဟာ ကတ္တားနဲ့ ဗုံး ထုရိုက်ရာက ဗုံးပေါက်ကွဲပြီး အမဖြစ်သူ မရီမာခိုင် (၂၁နှစ်) အပါအ၀င် ၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ အဲဒီလက်သီးဆုပ်လောက်ရှိတဲ့ ၉၁ လက်ပစ်ဗုံးအသေးကို မတ် ၇ ရက်နေ့က မောင်ချစ်သဲစိုး ဆိတ်ကျောင်းသွားရင် လယ်ကွင်းထဲက တွေ့ပြီး ကောက်ယူလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဗုံးပေါက်ကွဲတာကြောင့် မရီမာခိုင်မှာ နဖူး၊ ရင်ဘတ် မျက်နှာတခုလုံး စုတ်ပြဲဒဏ်ရာတွေနဲ့ မောင်ချစ်သဲစိုးက ယာလက်ကောက်ဝတ်ပြတ်ပြီး မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။ အင်ပင်ဝရွာနေဒေါ်ဖြူမက "မနက်က ကားဘီးကွဲသလောက် အသံကြီးမြည်လာတယ်။ ဗုံးကွဲတယ်လို့ နောက်မှ သိရတယ်။ မောင်နှမ ၂ ယောက်လုံး သေဆုံးသွားတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။ မောင်ချစ်သဲစိုးနဲ့ မရီမာခိုင်တို့ သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ရှမ်းမငယ်ရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago

March 7, 2019

ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ဗုံးပေါက်ကွဲ၊ လူ ၁၈ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ မတ်လ ၇ ရက်က ဗုံးပေါက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဂျမူးမြို့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ လူ ၄၀ ထက်မနည်း သေဆုံးတဲ့ ကက်ရှ်မီးယား အသေခံကားဗုံးခွဲမှုဖြစ်ပြီး တလမပြည့်ခင်မှာ ဖြစ်ခဲ့တာပါ။ မျက်မြင်တဦးက “ပေါက်ကွဲသံကြားတော့ ကားတာယာပေါက်တယ် ထင်မိတာ။ နောက်မှ ဗုံးပေါက်မှန်းသိရတယ်။ လူ ၁၀ ယောက်၊ ၁၂ ယောက်လောက် ဒဏ်ရာရပြီး သုံးလေးယောက်လောက်က ဒဏ်ရာပြင်းတယ်” လို့ ပြောပါတယ်။ “လက်ပစ်ဗုံးကို ပြင်ပက ခိုးယူလာပြီး ဘတ်စ်ကားအောက်ထဲ လှိမ့်ပစ်လိုက်ပုံရတယ်” လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဂျမူးမြို့ဟာ ပြည်နယ်ရဲ့ ဆောင်းရာသီမြို့ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up