ဗုံးပေါက်ကွဲမှု

May 10, 2021

မန္တလေး ကညနရုံး ဗုံးပေါက် ၄ ဦး ဒဏ်ရာရ

မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ ကညန (မန္တလေးတိုင်း) ရုံး အထွက်ပေါက်အနီးမှာ မေလ ၁၀ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

လက်လုပ်ဗုံးဟာ ဖုန်းဆင်းကတ်၊ ဘက်ထရီတို့ပါဝင်ပြီး အနီးအနားမှာရှိတဲ့ ကညန ကို သက်တမ်းတိုးဝန်ဆောင်မှုတွေပေးတဲ့ ပွဲစား ၄ ယောက် ထိခိုက်ခဲ့တာလို့ အနီးပတ်ဝန်းကျင်မှာ ရှိနေသူ တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် ပါဝင်ပြီး စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ပြီးနောက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အတားအဆီးတွေ လုပ်ထားကြပါတယ်။

19 hours Ago

May 8, 2021

တန့်ဆည်တရားရုံးရှေ့ ဗုံးပေါက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တရားရုံးရှေ့ လမ်းမမှာ မေ ၇  ရက် ည ၇ နာရီက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပေမဲ့ ပျက်စီး၊ ထိခိုက်တာတွေ မရှိဘူးလို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့မှာ မေ ၆ ရက်ကလည်း  ပညာရေးမှူးရုံးနား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒါနဲ့ဆို ၂ ကြိမ်မြောက်ဖြစ်ပါတယ်။

3 days Ago

အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ကျောက်ဆည်ဆေးရုံကြီးတွင် ဗုံးပေါက်ကွဲ

ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးအတွင်း အကြမ်းဖက်စစ်တပ် တပ်စွဲပြီး ကင်းစောင့်တဲ့နေရာမှာ မေ ၇ ရက်နေ့ ည ၈ နာရီလောက် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်သားတွေ ထွက်ပြေးကြရပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဗုံးပေါက်ပြီးနောက် ကျောက်ဆည်မြို့ပေါ်က ရပ်ကွက်တွေမှာ သေနတ် အဆက်မပြတ်ပစ်ဖောက်ကာ  ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို ရပ်ခိုင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဗုံးပေါက်ကွဲမှုသံနဲ့ သေနတ်သံတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ညမအိပ်ရဘဲ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ည ၁၀ နာရီခွဲမှာလည်း ပင်တလည်ကျေးရွာက  အကြမ်းဖက်စစ်အုပ်စုကို နေ့စဥ် သတင်းပေးနေတဲ့ ဒလန်တစ်ဦးရဲ့အိမ်မှာ ..အမည်မသိလူတစ်စုက အသံဗုံးဖောက်သွားတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာက တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ကိစ္စကြောင့် စစ်ကောင်စီဘက်က တောမရွာနဲ့ အနီးအနားရွာတွေကို ဖိနှိပ်နေပြီး ရွာသားတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

3 days Ago

ရွှေကူ စရဖ ရုံးနှင့် သင်္ဘောဆိပ်တံတားတွင် ပေါက်ကွဲမှုဖြစ်

ကချင်ပြည်နယ် ရွှေကူမြို့မှာ မေလ ၈ ရက်နေ့မနက် ၄ နာရီဝန်းကျင်က သင်္ဘောဆိပ်တံတားနဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးရှေ့မှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်တံတား ပလက်ဖောင်းနှစ်ဖက်စလုံးမှာ ပွင့်ထွက်မှုတချို့ဖြစ်သွားကာ စစ်ဘက်ရေးရာလုံခြုံရေးရုံးအရှေ့မှာ ကာထားတဲ့အုတ်တံတိုင်း ၂ ခန်း ပြိုကျပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၄ နာရီကျော်ရုံလေးပဲဗျ။ ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ ပထမတစ်ချက် ပေါက်ကွဲပြီး သိပ်မကြာဘူး၊ နောက်ထပ် ၂ လုံးဆက်တိုက် ပေါက်ကွဲသံ ကြားရတယ်။ ပေါက်ကွဲမှုအားပြင်းပုံရတယ်ဗျ။ စရဖ ရုံးရှေ့က ဒေါ်ပြာဒီးမုန့်တိုက်က မှန်တချို့ ကွဲအက်တာတွေ ရှိတယ်၊ ကျနော်တို့မှာ အိပ်သာအိပ်နေရတယ်၊ ဘယ်အချိန် ကိုယ့်ဘေးမှာ ပေါက်ကွဲမှုဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့အိပ်မပျော်ဘူးဗျ။ အရင်တစ်ခါလည်း OSS ရုံးနဲ့ အမှတ် ၂ ရပ်ကွက်မှာဖြစ်ပြီးပြီ။ ဒါတွေက ပြည်သူတွေကို အကြောက်တရားသွင်းတဲ့ စစ်ကောင်စီရဲ့ ၈၈ က အကွက်တွေလို့ပဲ မြင်တယ်။ ပြီးရင် ပြည်သူတွေက အကြမ်းဖက်နေပါတယ်ဆိုပြီး ခေါင်းစဉ်တပ်လာနိုင်တယ်။”

အဆိုပါပေါက်ကွဲမှုကြောင့် သင်္ဘောဆိပ်တံတားမှာ ဖြတ်သန်းသွားလာလို့မရလောက်အောင် ထိခိုက်ပျက်စီးသွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

3 days Ago
More News
Up