ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှာ ဇန်နဝါရီ ၂၈ မနက်ပိုင်းက မီတာခ အတင်းအကျပ် ကောက်ခံတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ လျှပ်စစ်ရုံး ဝန်ထမ်းတွေနဲ့ပေါင်းပြီး ကျေးရွာအတွင်းမှာ မီတာခ အတင်းအကျပ် ကောက်ခံနေတာကြောင့် ဗုံးဖောက်ခွဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
"ကျေးရွာအုပ်ချုပ်ရေးမှူးက လျှပ်စစ်ရုံး ဝန်ထမ်းတွေနဲ့ ပေါင်းစားနေတာ။ အိမ်တွေကို မီတာ လိုက်ဖတ်တာ မရှိဘဲ ဟိုအိမ်ဘယ်လောက်၊ ဒီအိမ်ဘယ်လောက်ဆိုပြီး ရမ်းသန်းကောက် ပေါင်းစားနေတာ။ မနက် ၆ နာရီလေါက်က ဗုံးနှစ်လုံးကွဲတယ်။ မီတာခ ရမ်းသန်းကောက်ပြီး ပေါင်းစားနေလို့ ခွဲတယ်လို့ပဲထင်တယ်။ ဘယ်အဖွဲ့ ဖောက်ခွဲလည်း ဆိုတာကတော့ မသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်ခင်းဆိုတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရုံးမှာမရှိတဲ့အချိန် ပေါက်ကွဲတာ။ ဗုံးနှစ်လုံးပေါက်တာ အမိုးပွင့်သွားတယ်၊ စစ်တပ်က လာစစ်နေတယ်” လို့ အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူတဦးက ပြောပါတယ်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာနဲ့ ထုံးဖူးကျေးရွာကြား မီးရထားသံလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မိုင်းငါးလုံးပေါက်ကွဲခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲမှာ ဇန်နဝါရီ ၂၄ ရက် မနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြေမြင့်ရပ်ကွက်မှာရှိတဲ့ မြဝတီဘဏ်ခွဲမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ကာ ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ယောက် ထိခိုက်သေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။
ဘဏ်အနီးနေထိုင်သူ တစ်ဦးက “ညနေ ၅ နာရီလောက်က ဘဏ်အရှေ့အပေါက်ဝကို လာပစ်သွားတာ။ အဲ့ ဘဏ်ရှေ့ကင်းတဲမှာ စစ်တပ်က အမြဲလုံခြုံရေးယူထားတယ်။ နောက်ပြီး ဘဏ်ရှေ့မှာလည်း သွပ်ဆူးကြိုးတွေ အမြဲကာထားတာ အဲ့ဒါကို လာပစ်သွားတယ်။ ဗုံးကတော့ တစ်လုံးထဲပေါက်တာ။ ဝန်ထမ်းတစ်ဦးသေတယ်။ နှစ်ဦးလောက်လည်း ထိခိုက်မှုရှိတယ်။ ဗုံးပေါက်ကွဲပြီး ဆိုင်ကယ်တွေကို သေနတ်နဲ့ ပစ်တာတွေ့ရတယ်" လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲအပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ဘဏ်ရှေ့ လမ်းမကြီးကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးရန် ရပ်တန့်ခိုင်းပြီး မရပ်ပေးခဲ့တဲ့ ဆိုင်ကယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
ဘဏ်အနီး ဈေးရောင်း ချနေသူ တစ်ဦးက"ဘဏ်ရှေ့မှာ လုံခြုံရေးအင်အားတိုးချထားပြီး ဆိုင်ကယ်တွေကိုစစ်တယ်။ ယောကျ်ားလေးတွေမောင်းတဲ့ဆိုင်ကယ် အများစုကို သေချာကို စစ်နေတာ။ အဲ့ဒီမှာ ကောင်လေး နှစ်ယောက်မောင်းလာတဲ့ဆိုင်ကယ်က ရပ်မပေးဘဲ မောင်းသွားလို့ သေနတ်နဲ့ နှစ်ချက်လှမ်းပစ်တယ်။ လူတော့ မထိဘူး" လို့ ပြောပါတယ်။
မြဝတီဘဏ် ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်က အခင်းဖြစ်ပွားခဲ့တဲ့နေရာ အေးမြသာယာ ရထားသံလမ်းဆုံနဲ့ တပ်ကုန်းရပ်ကွက် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမကြီးက ရွှေလမ်းမထိပ် မီးပွိုင့်စတဲ့နေရာတွေမှာ မော်တော်ယာဉ်တွေကို လိုင်စင်စစ်ဆေးပြီး ဖမ်းဆီးနေတာပါ။
မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၁) မှာ ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းက ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗလမင်းထင်တံတားအနီးနဲ့ အေးမြသာယာ သံလမ်းဆုံအနီးမှာ မော်တော်ယာဉ်တွေကို စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။