ဗုံးကွဲ

February 14, 2023

ပဲခူးတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး

ပဲခူးတိုင်း၊ ပဲခူးမြို့ ရပ်ကွက်သုံးခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ဒေသခံ အယောက် ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ မသက်ဆိုင်သူတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေပါ ပါဝင်ပြီး တချို့က စာရင်းပျောက်နေတာကြောင့် မိသားစုတွေ စိုးရိမ်နေကြပါတယ်။

ပဲခူးမြို့ပေါ်က မဇင်း၊ ပုဏ္ဏားစုနဲ့ ရှင်စောပု စတဲ့ရပ်ကွက် ၃ ခုအတွင်း ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ဗုံးပေါက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ဆိုကာ အသက် ၅၀ ဝန်းကျင်အရွယ် လင်မယားနှစ်ဦး အပါအဝင် အသက် ၁၉ နှစ်ကနေ ၂၃ နှစ်အရွယ် လူငယ်အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဲခူးတိုင်း PDF အဖွဲ့မှ တာဝန်ရှိသူတယောက်က  “ဖမ်းဆီးခံရသူတွေ အထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ပါတာ သိရပေမဲ့ စစ်ကောင်စီ ဖော်ပြတဲ့အထဲမှာ ပါမလာပါဘူး၊ စာရင်းပျောက်နေတယ်။ နောက် အဲဒီအပြင် နောက်ထပ်လည်း မိဘကိုဖမ်းတဲ့အချိန်မှာ အိမ်ရှိလူကုန် ဖမ်းသွားတာကြောင့် ကလေးတွေပါ အခုထိ အဖမ်းခံထားရသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အဲဒီ ပဲခူးဒေသခံ ၇ ဦးကို ဖောက်ခွဲရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပြီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက ပဲခူးမြို့အထွက် စစ်ဆေးရေးဂိတ် ကလိကျေးရွာအနီးမှာ မြို့ခံလူငယ် ၄ ဦးဖြစ်တဲ့ ဉာဏ်မင်းမောင်မောင်၊ မောင်သက်နဲ့ ဇနီးဖြစ်သူ မထားထားဝင်းတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး ၁ သီးသန့် ၁ လမ်းမှာ နေထိုင်တဲ့ ဦးမျိုးတင့်ဆိုသူနဲ့ ဇနီး ဒေါ်ယဥ်ယဥ်ဌေး အပါအဝင် ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု ၁၄ လမ်းမှာ နေထိုင်တဲ့ သူရိန်အောင် (ခ) အောင်သူ၊ စုစုပေါင်း သုံးဦးကိုလည်း ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်းမှာ အခုနှစ် ဇန်နဝါရီလက စပြီး ပေါင်းတည်၊ နတ်တလင်း၊ ဖြူး၊ ညောင်လေးပင်၊ အုတ်ဖို၊ ဒိုက်ဦး စတဲ့နေရာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီး ခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဂိတ်တွေကို မိုင်းထောင် ဖောက်ခွဲတာတွေ ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေက မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လူငယ်တွေကို ဦးတည်ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေတယ်လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။

1 month Ago

January 24, 2023

မိုးကုတ် ကျပ်ပြင်ရဲစခန်းအနီး ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းအနီးမှာ ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အရင်ရှေ့တရက်ကလည်း ကျပ်ပြင်က ဒေါ်နန်းကြည်တောင်နားမှာ ဗုံးတလုံးကွဲသေးတယ်။ မနေ့ညက ရဲစခန်းနားမှာကွဲတာ၊ လူထိခိုက်မှုတော့ မရှိဘူး။ အစတွေတော့ ခေါင်မိုးတွေမှာ လာမှန်တယ်” လို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

ကျပ်ပြင်ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် သေနတ်ပစ်သံ ငါးချက်ခန့်ကြားခဲ့ရပြီး ရပ်ကွက်တွေအတွင်း စစ်ကောင်စီတပ်က လှည့်လည်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း မိုင်းဟုမ်းကျေးရွာအနီးမှာ စစ်တပ်က ဇန်နဝါရီ ၂၀ ရက်က လေယာဥ်အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် NUG PDF တပ်ရင်း-၁၂၂၂ က စစ်ကြောင်းမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့အနီးတဝိုက်မှာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

2 months Ago
More News
Up