ဗိုလ်ချုပ်ရုပ်တု

February 8, 2019

ကယားတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အတွက် ပံ့ပိုးမည့်ငွေ ဗိုလ်ချုပ်ရုပ်တုအတွက် အသုံးပြု

ကယားပြည်နယ် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့တွေအတွက် ပံ့ပိုးကူညီမယ့်ငွေကို ဗိုလ်ချုပ်ကြေးရုပ်မှာ သုံးလိုက်တာကို စိတ်မကောင်းဖြစ်မိတယ်လို့ မော်ချီးတောင်တန်းဒေသ ဖွံဖြိုးရေးအသင်း ဥက္ကဋ္ဌ စောဆာကဘရူရီူးက ပြောပါတယ်။ ၂၁ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အခုလိုပြောဆိုခဲ့တာပါ။ “အခုက တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေကို ပံ့ပိုးကူညီမယ့် ပိုက်ဆံကို အဲဒီမှာမသုံးဘဲ ကြေးရုပ်မှာ သွားသုံးတယ်ဆိုတော့ ကျနော်တို့ရပိုင်ခွင့်က ပျောက်သွားပြီ” လို့ စောဆာကဘရူရီူးက ဆိုပါတယ်။ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့နေရာဟာ အများပိုင်မြေဖြစ်တာကြောင့် တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလည်းရယူဖို့လိုပြီး ကန့်ကွက်ခဲ့တဲ့ ကရင်နီလူငယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မဲဆွယ်စဉ်က ၀ိုင်းဝန်းကူညီခဲ့သူတွေဖြစ်တယ်လို့လည်း စောဆာကဘရူရီူး က ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပွဲကို လွိုင်ကော်မြို့ ကန္ဒာဟေ၀န်ပန်းခြံမှာ ဖေဖော်ဝါရီ ၂ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံကရင်နီလူငယ်တချို့က ပြည်နယ် အန်အယ်လ်ဒီ ပါတီရုံးရှေ့မှာ ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က အာဏာပိုင်တွေက  သပိတ်စခန်းကိုဖြိုခွဲခဲ့ပြီး သပိတ်မှောက် ကရင်နီခေါင်းဆောင် ၄ ဦးနဲ့ လူငယ် ၃၂ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2 years Ago

March 22, 2017

မြန်အောင်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုတခု ဖျက်ဆီးခံရ

  ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တဲကြီးကုန်းကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်တု မနေ့ညနေပိုင်းက ဖျက်စီးခံခဲ့ရပါတယ်။ အဆိုပါရုပ်တုကို ပြီးခဲ့တဲ့ ၂၀၁၆ ခု ဇွန်လ ၃ ရက်နေ့က ၀န်ကြီးချုပ်ကိုယ်တိုင် ဖွင့်ပွဲလုပ်ပေးခဲ့တဲ့ ကြေးရုပ်ဖြစ်ပြီး မနေ့မွန်းလွဲ ၃ နာရီခန်မှာ တဲကြီးကုန်ကျေးရွာနေ သူတဦးက ဖျက်စီးခဲ့တာလို့ မြန်အောင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ပြောပါတယ်။ “၂၁ ရက်နေ့ ၂ နာရီ ၄၅ မိနစ် လောက်က စိတ်မနှံ့သူတဦးက ဖျက်စီးတယ်လို့တော့ ကျမတို့ သိရတယ်။ စိတ်နှံ့ခြင်းမနှံ့ခြင်းကတော့ ကျမတို့ တရားစွဲဆိုမှသာ တရားရုံးရဲ့ အဆုံးအဖြတ်ကို ကျမတို့က သိရမှာဖြစ်ပါတယ်။” ဗိုလ်ချုပ်ကြေးရုပ်ကို ဖျက်စီးသူက ဆည်ရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာက စိုးမင်းမင်း အသက်(၃၆)နှစ်ဖြစ်ပြီး ရွာသားတွေနဲ့  ရဲကင်းတာဝန်ရှိသူတွေ ဝိုင်းဝန်းဖမ်းဆီးရမိထားပါတယ်။ လတ်တလေ သူဟာ လက်မောင်းရိုးကျိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့လည်း ဒေါ်စုစုအောင်က ပြောပါတယ်။ “အခုလောလောဆယ်တော့ သူက သူ့ဘာသူ ကျောက်ခွံပေါ်က ပြုတ်ကျတယ်ထင်တယ်။ လက်မောင်းရိုးကျိုးတော့  ဆေးရုံမှာ အခုရဲတွေနဲ့ သံကြိုးခတ်ပြီးတော့ ဆေးရုံတင်ထားရပါတယ်။” ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့မှာ ဗိုလ်ချုပ်ကြေးသွန်းရုပ်တု ဖွင့်လင့်ပြီး ညတွင်းချင်းမှာပဲ ခေါင်းဖြတ်ခံခဲ့ရမှုဖြစ်ပွားခဲ့ပါတယ်။ ဓာတ်ပုံ - သန်းထိုက်မြင့်  
4 years Ago
Up