ဗန်းမောက်မြို့

July 22, 2021

ဗန်းမောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်တွေ့၊ ဆရာဝန်နှင့် သူနာပြု မလုံလောက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ဇွန်လ ၂၉ ရက်မှ  ဇူလိုင် ၂၁ ရက်နေ့အထိ ရက် ၂၀ ကျော်စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်အထိတွေ့ရှိရပြီး၊ ရောဂါစစ်ဆေး ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ဆရာဝန်နဲ့ သူနာပြုစုစုပေါင်း ၁၀ ယောက်လောက်နဲ့ သာ ဆောင်ရွက်နေကြရပါတယ်။

မြို့နယ်ဓာတ်ခွဲမှူး ဦးဇေယျာထွန်းက “ ၁၀ ဦးတောင်မပြည့်တဲ့အနေအထားပဲရှိတယ်။ ဆရာဝန်က ၂ ယောက်ပဲရှိတယ်။ သူနာပြုက ၃ ယောက်ရှိတယ်။ ဓာတ်ခွဲမှူးက ကျနော် ၁ ယောက်ပဲရှိပါတယ်။ စေတနာ့ဝန်ထမ်း ၁ ယောက်မှမရှိဘူး။ အမှိုက်သိမ်းလည်း ကျန်းမာရေးဝန်ထမ်းတွေပဲ။ အစစအရာရာ ကျနော်တို့ပဲရှိတာ။”လို့ပြောပါတယ်။ 

ဗန်းမောက်မှာ ကွာရန်တင်းစင်တာမရှိဘဲ Positive စင်တာပဲရှိပြီး ကိုဗစ် အတည်ပြုလူနာဆိုရင် ကုသရေးစင်တာဆီပို့ဆောင်ကုသပေးနေတာပါ။

လူနာတွေအနေနဲ့ အစားအသောက်ကိစ္စကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့ ဆောင်ရွက်ရပြီး  ဆရာဝန်ကြီးတွေက မနက်၊ နေ့လယ် ၊ ညနေ တရက်သုံးကြိမ် ကိုဗစ်လူနာတွေကို ကြည့်ရှုကုသ ပေးတယ်လို့ မြို့နယ်ဓာတ်ခွဲမှူးက ပြောပါတယ်။

ဗန်းမောက်မြို့မှာ ဗန်းမောက်ဆေးရုံသစ် နှစ်ထပ်ဆောင်၊ မြို့အဝင် ဘုန်းကြီးကျောင်းတစ်ကျောင်း နဲ့ ဘောလုံးကွင်းခန်းမ၊ နယ်စပ်ဖွံ့ဖြိုးရေးကျောင်းတို့ကို Positive စင်တာ တွေအဖြစ်ပြုလုပ်ပေးထားပြီး ကိုဗစ်စစ်ဆေးမှုကို မနက် ၁၀ နာရီကနေစပြီး ပြုလုပ်ပေးနေ ပါတယ်။

ဗန်းမောက်မြို့က ကိုဗစ်-၁၉ စစ်ဆေးသူ ၁၄၆၈ ဦးမှာ ၊ ရောဂါပိုးတွေ့သူ ၅၀၄ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူ  ၃၀၇ ဦးရှိကာ ကုသဆဲလူနာ ၁၉၆ ဦး၊ သေဆုံးသူ ၁ ဦး ရှိပါတယ်။

2 weeks Ago

July 19, 2021

ဗန်းမောက်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ဒုရဲမှူး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်နဲ့ ဒုရဲမှူးသန်းစိုးတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဇူလိုင် ၁၈ ရက် ညပိုင်းမှာ ဖမ်းဆီးသွားပါတယ်။

ဗန်းမောက်မြို့နယ်မှာရှိတဲ့ ရွှေမျှောလုပ်ကွက်တွေ ပြန်အပ်တာကို သွားရောက်စစ်ဆေးပြီး အပြန်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဝန်ထမ်း ၄ ယောက်လည်း ဖမ်းဆီးခံရတယ်လို့  လုပ်ကွက်စစ်ဆေးမှုပါဝင်သူ တစ်ယောက်က ပြောပါတယ်။ 

ဗန်းမောက် ကသာ-အင်းတော်-မံစီ လမ်းပိုင်းတစ်နေရာမှာ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးကျော်စိုးဟာလည်း ပစ်ခတ်မှုကြောင့် ဘယ်ဘက်ရင်အုံ  သေနတ်မှန်ပြီး ဒဏ်ရာရသွားပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ဒုရဲမှူးသန်းစိုးနဲ့ သူ့ရဲ့ ကားမောင်းတဲ့သူက ထွက်ပြေးလွတ်မြောက်လာပြီး  ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ထမ်းတို့ကတော့ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

2 weeks Ago
More News
Up