ဗင်နီဇွဲလား

January 21, 2021

ဘရာဇီးကို ကူညီရန် ဗင်နီဇွဲလားမှ အောက်ဆီဂျင်တင်ကားများ ရောက်ရှိ

ဘရာဇီးနိုင်ငံ အမေဇုံပြည်နယ်  မာနောက်စ်မြို့က ဆေးရုံတွေမှာ ကူညီဖို့ ဗင်နီဇွဲလားနိုင်ငံက အောက်ဆီဂျင်အိုးတွေကို တင်လာတဲ့ ကုန်ကား ငါးစီးဟာ ဇန်နဝါရီ ၁၉ ရက်က ရောက်လာ ပါတယ်။  ဒီဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းက ပျံ့နှံ့နေလို့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်ကုန်တဲ့အတွက် အသည်းအသန် ရုန်းကန်နေရတာပါ။  ဗင်နီဇွဲလားတောင်ပိုင်း ဘိုလီဗာပြည်နယ်က ကုန်ကားတွေဟာ ကီလို မီတာ ၁၅၀၀ ကျော် ခရီးကို မောင်းပြီး အမေဇုံနပ်စ် ပြည်နယ်ရဲ့ မြို့တော် မာနောက်စ်ကို ရောက်လာတာလည်း ဖြစ်ပါတယ်။  ဇန်နဝါရီ ၁၄ ရက်က စပြီး အောက်ဆီဂျင် ပြတ်လပ်လို့ ဒါဇင်ချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။ အောက်ဆီဂျင် ပြတ်သွားလို့ ဆေးရုံတက် လူနာတွေကို အသက်ရှူ အားကူစက်တွေ ဖြုတ်ထားလိုက်ရပြီလို့ ဒေသခံတွေက ပြောပါတယ်။  တချို့ လူနာတွေကို တခြားပြည်နယ်ဆေးရုံတွေဆီ ရဟတ်ယာဉ်နဲ့ ပို့ခဲ့ရပြီး တချို့ကတော့ အောက်ဆီဂျင်အိုးကို မှောင်ခိုဈေးကွက်ကနေ အလုအယက် ဝယ်နေရတယ်လို့ မီဒီယာက ဖော်ပြပါတယ်။  မာနောက်စ်မြို့တော်မှာနေတဲ့ တိုင်းရင်းသား အယောက် ၃၀၀၀ လောက်ဟာ အများ ပြည်သူကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို မှီခိုနေရပြီး အခြေအနေက ထိတ်လန့်စရာ ကောင်းလာတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။  ဘရာဇီးမှာ ဇန်နဝါရီ ၂၀ ထိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ရဲ့ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ အယောက် ၂၁၀,၀၀၀ ရှိပြီး အမေရိကန်ပြီးရင် ကမ္ဘာ့ ဒုတိယအများဆုံးလည်း ဖြစ်နေပါတယ်။
6 months Ago

January 7, 2021

ဗင်နီဇွဲလားတွင် အစိုးရနှင့် အတိုက်အခံ  လွှတ်တော် ၂ ရပ် အပြိုင်ကျင်းပ

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ မဟာမိတ်တွေ ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော်ကို   ဇန်နဝါရီ ၅ ရက်မှာ  စတင်ခေါ်ယူကျင်းပနေပါတယ်။  တချိန်တည်းမှာပဲ ၂၀၁၉ ကတည်းက လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လာတဲ့ အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကလည်း အွန်လိုင်းအစည်းအဝေးနဲ့ သီးခြားလွှတ်တော်ကို ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။  ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလား လွှတ်တော်အစည်းဝေးတွေကို အတိုက်အခံပါတီက သပိတ်မှောက်ခဲ့ပြီးနောက်  သမ္မတ မာဒူရိုရဲ့ ဆိုရှယ်လစ်ပါတီ ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော်နဲ့ အပြိုင် လွှတ်တော်ကို ဖန်တီးခဲ့တာပါ။ အစောပိုင်းမှာ  ဆိုရှယ်လစ်ပါတီအမတ်တွေနဲ့ မဟာမိတ်တွေက သမ္မတဟောင်း ဟူဂိုရှားဗက်စ်နဲ့ နိုင်ငံတည်ထောင်သူ ဆိုင်မွန်-ဘိုလီဗာတို့ရဲ့  ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး အနီးဝန်းကျင်ရင်ပြင်ကနေ လွှတ်တော်အဆောက်အအုံဆီ ချီတက်ခဲ့ပါတယ်။ အနောက်နိုင်ငံအတော်များများကတော့ ဒီကွန်ဂရက်လွှတ်တော်ဟာ  မဲလိမ်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်အဖြစ် ထိုးနှက်ပြောဆိုခဲ့ပါတယ်။  အမေရိကန်သမ္မတ ထရမ့်အစိုးရက ဂွယ်ဒိုဦးစီးတဲ့ ကိုယ်တိုင်လွှတ်တော်သက်တမ်း တိုးတာကို  အသိမှတ်ပြုပေမဲ့ အီးယူအပါအဝင် တခြားနိုင်ငံတကာက ဂွယ်ဒိုထောက်ခံသူတွေ ကတော့ သဘောမတူသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago
More News
Up