ဗကသ ကျောင်းသား

May 14, 2021

ဗကသ ကျောင်းသား ဆလိုင်းလောရှိန်းကီးနှင့် ကိုနိုင်လင်းအောင်တို့ကို ထောင်ဒဏ် ၃ နှစ်စီချ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံလိုက်ရတဲ့ ဗကသ ကျောင်းသား ဆလိုင်းလောရှိန်းကီးနဲ့ ကိုနိုင်လင်းအောင်တို့ကို မေလ ၁၃ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက အဆိုပါ ကျောင်းသားနှစ်ဦးဟာ Non CDM ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်ကို တွေ့ဖို့ တက္ကသိုလ်ဝန်းထဲ ရောက်သွားတဲ့အချိန်မှာ အကြမ်းဖက်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ 

ကျောင်းဝင်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးစတစ်ကာတွေကပ်နေရင်း အဖမ်းခံလိုက်ရတာဖြစ်ပြီး ပုဒ်မ ၅၀၅(က) ၅၀၅ (ဂ) တို့နဲ့ တရားစွဲဆိုခံလိုက်ရတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ မန္တလေး နာရီစင်မှာ ရခိုင်အရေး ပြည်တွင်းစစ်ရပ်စဲရေး ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ပုဒ်မ ၅၀၅၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ အဲ့ဒီ့ကတည်းက တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆလိုင်းလောရှိန်းကီးဟာ ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသားဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ကိုနိုင်လင်းအောင်ကတော့ သတ္တဗေဒ တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "ကျောင်သားတွေဟာ ဒီနွေဦးတော်လှန်ရေးမှမဟုတ်ဘူး၊ အာဏာရှင်စနစ်ကျဆုံးရေး ပြည်တွင်းစစ်ရပ်စဲရေး နဲ့ ဖက်ဆစ်ဆန့်ကျင်ရေးတို့အတွက် အမြဲတမ်းအသံထွက်ပေးခဲ့တယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ အထဲရောက်နေတဲ့ ကျောင်းသားပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေအတွက် ကျမတို့ကျောင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲ အဆုံးထိသွားမယ်'' လို့ ပြောပါတယ်။

နွေလှိုင်း

4 months Ago

October 6, 2020

တပ်မတော်အလင်းဝင်ရန် စာကပ်ခဲ့သည့် ဗကသကျောင်းသား ၂  ဦး ထောင်ဒဏ် ၁ နှစ်ထပ်ချခံရ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ မန္တလေး အောင်မြေသာဇံမြို့နယ် တရားရုံးက  ထောင်ဒဏ် ၁  နှစ် ချမှတ်လိုက်ပါတယ်။ ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ဟာ  ပြီးခဲ့တဲ့ စက်တင်ဘာ  ၁၄ ရက်နေ့က  မန္တလေးမြို့ လူစည်ကားရာ နေရာတွေမှာ တပ်မတော် အလင်းဝင်ပါ၊ ဖက်ဆစ် စစ်တပ် ကျဆုံးပါစေ၊ ဖက်ဆစ် လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နက် ပလက်ဝ ဒေသတို့တွင် 4G Internet အမြန်ဆုံး ပြန်ဖွင့်ပေးရေး၊မတရား ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးခံရသော ကျောင်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးစတဲ့ စာသားပါ စတစ်ကာတွေကို  လိုက်လံကပ်ခဲ့တဲ့အတွက် တရားစွဲခံရတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း  ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို မဟာအောင်မြေမြို့နယ် တရားရုံးကလည်း နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊(ခ) တို့နဲ့ တရားစွဲခံရပြီး  ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရပါတယ်။ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်နဲ့ ကိုဘုန်းမြင့်ကျော်တို့ အဆိုပါ မဟာအောင်မြေမြို့နယ် တရားရုံးမှာ နောက်ထပ် နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ) တို့နဲ့ စွဲဆိုထားတဲ့ အမှုတစ်ခုလည်း  ကျန်ရှိနေပါသေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅ ဦး ရှိနေပြီး ဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေသူ အယောက် ၃၀ လောက် ရှိပါတယ်။ ဖမ်းဆီးခံကျောင်းသား အများစုကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ  ပုဒ်မ ၅၀၅ (က) ၊ (ခ)တို့နဲ့  အများဆုံး စွဲဆိုထားပြီး ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲဆိုထားပါသေးတယ်။ Photo - Kaung Zaw Hein / MPA
12 months Ago
More News
Up