ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆို လွှတ်တော်၌ စတင်ဆွေးနွေး

February 21, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ကြံ့ခိုင်ရေးနှင့်တပ်ကိုယ်စားလှယ်များ ထပ်မံထည့်သွင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၁၀ ဦးကို ထပ်မံထည့်သွင်း တာဝန်ပေးအပ်လိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အပိုဒ် ၂ ဖွဲ့စည်းခြင်း၊ အပိုဒ်ခွဲ (ဂ)အမှတ်စဉ် ၁၇၊ ၁၈၊ ၃၄ မှ ၄၁ ထိပါ အဖွဲ့ဝင်နေရာတွေမှာြ့ကံခိုင်ရေးပါတီဝင် ၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ကို ထပ်မံထည့်သွင်း တာဝန်ပေးအပ်လိုက်တာလို့ ပြည်ထောင်စုလွှတ်တော်ရုံးက အမိန့်ကြေညာစာ ထုတ်ပြန်လိုက်တာပါ။ ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေအဖြစ် ကြံ့ခိုင်ရေးပါတီ မိုင်ပန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးနဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှ  ဦးဆီဟူးဒွေ့တို့ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဗိုလ်မှူးချုပ် တင်ဆွေဝင်း၊ ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဒုဗိုလ်မှူးကြီး သန့်ဇော်၊ ဗိုလ်မှူးဇင်လင်း၊ ဒုဗိုလ်မှူးကြီး  အောင်ထွန်းလင်း၊ ဒုဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဗိုလ်မှူး သိန်းလွင်ဌေးနဲ့ ဗိုလ်မှူး မျိုးထက်လင်းတို့ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဦးဆောင်မယ့် ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်ပြီး ပုဂ္ဂိုလ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။ ပူးပေါင်းကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာတွေ့ရှိချက် အစီရင်ခံစာနဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတို့ကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ၅ လအတွင်း အပြီးရေးဆွဲကာ လွှတ်တော် နာယကထံ တင်ပြရမှာလည်းဖြစ်ပါတယ်။
2 years Ago

February 20, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး  တပ်ကိုယ်စားလှယ်များမတက်ရောက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးဆောင်မယ့် ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံမှာ ကျင်းပပါတယ်။ ဒီအစည်းဝေးမှာ အမည်စာရင်းပေးသွင်းထားတဲ့ ကော်မတီအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့သလို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်လာခြင်း မရှိပါဘူး။ အစည်းအဝေးတက်ရောက်ဖို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် နှစ်ဦးလာရောက်ခဲ့ပေမယ့် ကော်မတီဝင်အဖြစ် တက်ရောက်ခွင့်မရခဲ့ဘူးလို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦသိန်းထွန်းက ပြောပါတယ်။ "အစည်းအဝေးတက်ဖို့ ဖိတ်လို့ ကျနော်က လက်မှတ်ထိုးယူထားလိုက်ပြီးမှ လာတက်တာ။ ဒီမှာ အစည်းအဝေးဖိတ်စာ။ အခုကျမှ ကော်မတီဝင် အဖြစ် စာရင်းပေးထားတာ မဟုတ်လို့ မတက်ရဘူးပြောတယ်။ အဲတော့ ကျနော် မတက်တော့ဘူး။ ကော်မတီမှာပါဝင်ဖို့ကိစ္စနဲ့ ပါဝင်မယ့်သူ စာရင်းက ပါတီက ပို့မှာပါ" အခု ကျင်းပတဲ့ အစည်းဝေးဟာ ပထမကြိမ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး နောက် အစည်းအဝေးတွေမှာ ကော်မတီဝင်တွေအနေနဲ့ ပျော်ရွှင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အစည်းအဝေးအဖွင့် အမှာစကား ပြောကြားစဉ်မှာ တိုက်တွန်းပြောသွားပါတယ်။  
2 years Ago
More News
Up