ဖြူးမြို့နယ်

April 27, 2021

ဖြူးမြို့နယ်က CDM ပညာရေးဝန်ထမ်းများကို ဖိအားပေး ခံဝန်ထိုးခိုင်း

အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် CDM မှာ ပါဝင်တဲ့ ဖြူးမြို့နယ်က ပညာရေးဝန်ထမ်းတွေကို မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးတွေနဲ့ ဌာနဆိုင်ရာအချို့က ဖိအားပေး လက်မှတ်ထိုးခိုင်းနေတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတွေကို ဘာကြောင့်ဖြစ်ဖြစ် မိခင်ဌာနမှာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါ့မယ်ဆိုတဲ့ ခံဝန်လက်မှတ် ထိုးခိုင်းနေတာပါ။

လက်မှတ်မထိုးတဲ့သူတွေကို ထိုးသူများကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်နေသလို CDM မှာ ပါဝင်သူတွေကိုလည်း  မြို့နယ်ပညာရေးမှူးက စာရင်း ကောက်ယူပြီး အကြမ်းဖက်စစ်ကောင်စီဆီ ပေးပို့တာတွေ ရှိတယ်လို့ ပညာရေးဌာနက သိရပါတယ်။

ဖြူးမြို့နယ်အတွင်း CDM မှာ ပါဝင်တဲ့ ဆရာ/ဆရာမအချို့ အမှုဖွင့်ခံထားရသလို လိုက်လံဖမ်းဆီးတာကြောင့် တိမ်းရှောင်နေရသူတွေလည်း ရှိပါတယ်။

ဖြူးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၂၇၀၀ လောက်ရှိတဲ့အနက် CDM မှာ ၁၄၀၀ ကျော် ပါဝင်ထားပြီး လက်ရှိ ခြိမ်းခြောက်မှုတွေကြောင့် ခံဝန်လက်မှတ်ထိုးသူ ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်ပညာရေးဌာနက ဆရာဆရာမတွေဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် ပထမဆုံး CDM မှာ ပါဝင်လာတာဖြစ်သလို လက်ရှိဆန္ဒပြပွဲတွေမှာလည်း တက်ကြွစွာပါဝင်နေကြပါတယ်။

2 weeks Ago

March 20, 2021

ဖြူးတွင် ဆန္ဒပြအမျိုးသမီး ၁ ဦးအား တရားခံပြေးအဖြစ်ကြေညာပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်

DVB

ဖြူးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြတဲ့ အမျိုးသမီး ၁ ဦးအား အကြမ်းဖက်ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ်ကြေညာပြီး ပုဒ်မ၅၀၅-ကနဲ့ အမှုဖွင့်ကာ ဓာတ်ပုံကို ဓာတ်တိုင်တွေမှာ လိုက်ကပ်ထားတယ်လို့ သိရပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ပုဒ်မ၅၀၅-ကနဲ့ အဲဒီဆန္ဒပြ အမျိုးသမီးအား  အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေပြီး တရားပြန်လည်စွဲဆိုသွးမယ်လို့ ကာယကံရှင်က ပြောပါတယ်။

တရားစွဲခံရတဲ့ အမျိုးသမီးက “ဖြူးမြို့နယ် နေရာအနှံ့မှာ ကျမကို တိမ်းရှောင်နေသည့် တရားခံပြေးဟု ဓာတ်တိုင်များတွင် လိုက်ကပ်ထားပါသည်။ စစ်ကောင်စီမှ ကြေညာချက်သည် လုံးဝတရားမဝင်ကြောင်း၊ ဖြူးမြို့မှ ပြည်သူများ သိစေရန် ဖြေရှင်းခြင်းဖြစ်သည်။ ကျမတင်မဟုတ်ဘဲ ကျန်သူများအားလုံးလည်း စစ်ကောင်စီမှ တရားစွဲလျှင် လုံးဝတရားမဝင်ပါ။ စစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း ကမ္ဘာသိကြေညာထားပြီး နိုင်ငံတကာကလည်း လက်ခံထားပြီး ဖြစ်ပါသည်။ ကျမနှင့်တကွ ဆန္ဒပြပြည်သူများအား စစ်ကောင်စီမှ တစုံတရာ ပြုလုပ်ခဲ့လျှင် ကျမတို့ပြည်သူများ ငြိမ်မခံကြရန် တိုက်တွန်းအပ်ပါသည်။” လို့ လူမှုကွန်ရက်ကတဆင့် ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီအမျိုးသမီးရဲ့ ညီမပိုင်ဆိုင်တဲ့ စားသောက်ဆိုင်မှာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေက လာရောက်မြန်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ် NLD ရုံးရှေ့ကိုလည်း အကြမ်းဖက် ရဲနဲ့စစ်သားတွေ  ရောက်ရှိပြီး အင်အားပြတာတွေ ပြုလုပ်နေကြတယ်လို့ ရုံးအနီးမှာနေထိုင်သူတွေက ပြောပါတယ်။

2 months Ago
More News
Up