ဖျက်သိမ်

March 13, 2020

၂၀၂၀ တိုကျိုအိုလံပစ် ဖျက်သိမ်း၊ ရွှေ့ဆိုင်းမည်မဟုတ်ဟု ဝန်ကြီးပြော

၂၀၂၀ တိုကျိုအိုလံပစ်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ကိစ္စကို စဉ်းစားမှာမဟုတ်ဘူးလို့ ဂျပန်အိုလံပစ်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။  ဝန်ကြီးရဲ့ ဒီကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိုလံပစ်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေချိန်ကာလမှာ တနှစ်လောက်နောက်ဆုတ်ရွှေ့ဆိုင်းသင့်ကြောင်း မှတ်ချက်ချမှတ်ပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ထွက်ပေါ်လာတာပါ။  “သမ္မတထရမ့်ပ်ရဲ့ မှတ်ချက်တွေကို သတိပြုမိပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ၂၀၂၀ ပွဲကျင်းပရေးတာဝန်ရှိသူတွေဟာ ပွဲကိုရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ စဉ်းစားနေခြင်းမရှိပါဘူး။ စီစဉ်ထားတဲ့အတိုင်း ဖွင့်ပွဲနေ့ ဇူလိုင် ၂၄ ရက်နေ့ကို ဦးတည်ပြီး လုံခြုံအောင် ပြင်ဆင်သွားမှာပါ” လို့ အိုလံပစ်ဝန်ကြီး ဆေကို ဟာရှီမိုတိုက ပြောပါတယ်။ ဂျပန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဒီရှူးဂါးကတော့ ဒေါ်နယ်ထရမ့်နဲ့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ဟာ မတ် ၁၃ ရက်နေ့အစောပိုင်းမှာ တယ်လီဖုန်းခေါ်ဆိုဆွေးနွေးမှု မိနစ် ၅၀ လောက်လုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကိစ္စအပြင် အခြားကိစ္စရပ်တွေလည်း ပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ထားပါတယ်။
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  သြစတြေးလျ ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို မတ် ၁၃ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။  ဒါဟာ အဲဘတ်ပါ့ခ်မှာ စီစဉ်ထားတဲ့  ပထမဆုံးလေ့ကျင့်ပွဲ မတိုင်ခင် နာရီပိုင်း အလိုလေးမှာပဲ ဖျက်သိမ်းလိုက်တာပါ။   ဖော်မြူလာဝမ်းကားပြိုင်ပွဲက မက်လာရန်အဖွဲ့ဝင်တဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးနောက် အခုလို ပွဲဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။  ဒီနေ့မနက်မှာပဲ ဖော်မြူလာဝမ်းပြိုင်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်မှု အားလုံးကို ဖျက်သိမ်းဖို့ ညွှန်ကြားလာပါတယ်ဆိုပြီး သြစတြေးလျ ဂရန်း-ပရင့်စ်ကော်ပိုရေးရှင်း (AGPC) က သတင်း ထုတ်ပြန်ခဲ့ပါတယ်။  ဗစ်တိုးရီးယားပြည်နယ်အစိုးရရဲ့ ကျန်းမာရေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ အကြံပြုချက်အရ ဖော်မြူလာဝမ်းကားပြိုင်ပွဲ  ချက်ချင်းဖျက်သိမ်းတာကို AGPC က အတည်ပြုခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တာမို့ ကားပြိုင်ပွဲရာသီအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်နေပါတယ်။  မဲလ်ဘုန်းမြို့က အဲဘတ်ပါ့ခ်မှာ ကားပြိုင်ပွဲ အဖွင့်ပွဲကို ကြည့်မယ့် ပရိသတ်တွေကလည်း မတ်လ ၁၃ ရက်မနက်ပိုင်းက   စောင့်ဆိုင်းနေပါတယ်။  ဖော်မြူလာဝမ်းကားပြိုင်ပွဲကို နှစ်စဉ် ပွဲကြည့်ပရိသတ် ၃ သိန်းလောက် လာရောက်အား ပေးကြတယ်လို့ သိရပါတယ်။  ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း အားကစားပွဲစဉ်တွေကို  ရွှေ့ဆိုင်းတာ၊ ရပ်နားတာတွေ လုပ်နေတာပါ။ မတ် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ ကမ္ဘာတဝန်းကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၄၉၁၈ ဦး ရှိလာပြီး သေဆုံးသူပေါင်း ၄၉၈၉ ရှိကာ၊ ပြန်ကောင်းလာသူ ၇၀၃၉၅ ဦး ရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်က အချက်အလက်တွေအရ သိရပါတယ်။ 
1 year Ago

March 12, 2020

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အိန္ဒိယ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းနေရ

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အိန္ဒိယနိုင်ငံမှာ ခရီးသွားလာတာနည်းလာပြီး လေကြောင်းခရီးစဉ်တွေ တော်တော်များများ ဖျက်သိမ်းနေရပါတယ်။  နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပြန့်ပွားမှု ဆက်ဖြစ်နေဆဲမို့ ခရိုင်တော်တော်များများမှာ အာဏာပိုင်တွေက ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အခြားအများပြည်သူဆိုင်ရာနေရာတွေကို ပိတ်ပစ်နေတာပါ။  အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဓမ္မသာလမြို့မှာလည်း တိဗက်မဟာယာန ဗုဒ္ဓဘာသာရဲ့ နာမည်ကြီး ကျောင်းဖြစ်တဲ့ ဂျူတို တန်တရစ်ဘုန်းတော်ကြီးကျောင်းကို မတ် ၁၀ ရက်နေ့ကတည်းက ပိတ်ထားပါတယ်။ ဒီကျောင်းတော်ကို ၁၄၇၄ က တိဗက်မှာ တည်ထောင်ခဲ့ကာ တရုတ်က တိဗက်ဒေသကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယမှာ ပြန်လည်တည်ထောင်ထားတာပါ။  အိန္ဒိယမှာ မတ် ၁၂ ရက် မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၆၂ ဦးရှိပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။  အိန္ဒိယဟာ နိုင်ငံခြားသားတွေ ရဲ့ပြည်ဝင်ခွင့်ဗီဇာ အားလုံးကို ဧပြီ ၁၅ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။  
1 year Ago
Up