.ဖေ့စ်ဘွတ်ခ်

February 5, 2021

မြန်မာကို ဘေးအန္တရာယ်ရှိမှုမြင့်မားသည့်နေရာအဖြစ် ဖေ့စ်ဘွတ်ခ်က ယာယီသတ်မှတ်

စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံကို ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့ နေရာအဖြစ် ဖေ့စ်ဘွတ်ခ်က ယာယီအားဖြင့် သတ်မှတ်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ် တင်ထားတဲ့ မြန်မာ စစ်တပ်ကို ဝေဖန်ရေးသားတဲ့ စာတွေကို ကာကွယ်ဖို့နဲ့ လက်နက်တပ်ဆင်ရေး ဆော်သြတဲ့ ဘယ်လို ဆော်သြချက်ကိုမဆို ဖယ်ရှားမယ်လို့လည်း ဖေ့စ်ဘွတ်ခ်ကဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့  အာရှပစိဖိတ် မူဝါဒရေးရာညွှန်မှူး ရာဖှယ်ဖရန်ကယ်က ဝန်ထမ်းတွေဆီ အာဏာသိမ်း တုံ့ပြန်ချက်ကို လိုရင်းအချုပ် အနေနဲ့ ဖော်ပြခဲ့တာပါ။

ဖေ့စ်ဘွတ်ခ်ကို သတင်းမှား ဖြန့်ချိရာ၊ အကြမ်းဖက်မှုလှုံ့ဆော်ရာနဲ့ အန္တရာယ်ပြုဖို့ ညှိနှိုင်းတိုင်ပင်ရာ နေရာ အဖြစ် အသုံးချ မခံရစေရေး သေချာစေဖို့ကိုလည်း ဖရန်ကယ်က ကတိပြုလိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ် တားထားတဲ့ ကြားက ကျွံထွက်လာတဲ့ စာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ဒါပေမဲ့ ဟန့်တားလုပ်ဆောင်ချက်  တွေကို လုပ်ထားပြီးပြီလို့တော့ အတည်ပြု ပြောဆို ပါတယ်။

ကျနော်တို့က မြန်မာနိုင်ငံအထဲက နိုင်ငံရေးဖြစ်စဉ်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး သတင်းမှားတွေနဲ့ ခုလိုအချိန်မှာ ပိုတင်းမာအောင် လှုံ့ဆော်နိုင်တဲ့ အကြောင်းအရာတွေကို ဟန့်တားဖို့ ထပ်တိုး ခြေလှမ်းတွေကို ဆောင်ရွက် ထားတယ်လို့ ဖေ့စ်ဘွတ်ရဲ့ ပြောခွင့်ရက သဗာ့ချ် သတင်းဌာနကို ပြောပါတယ်။

အမုန်းစကားတွေနဲ့ တခြား သတင်းမှားတွေနဲ့အတူ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်မှု ပျက်ပြားစေတဲ့ သတင်းမှားတွေကိုလည်း ဖယ်ရှားနေတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ အကောင့်တွေ ဘေးကင်းစေဖို့နဲ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်တဲ့ အတိမ်းအစောင်း မခံတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ သေသေချာချာ လုပ်နေတယ်လို့လည်း ဖရန်ကယ်ကို ကိုးကားပြီး ဘပ်ဇ်ဖိဒ် သတင်းဌာနက အစီရင်ခံပါတယ်။

နောက်ထပ် တင်းမာမှုတွေကို လှုံ့ဆော်နိုင်တဲ့ သတင်းမှားတွေနဲ့ အကြောင်းအရာ တွေကို ဟန့်တားဖို့ စစ်တပ်ပိုင် ရုပ်သံကွန်ယက်ရဲ့ ဖေ့စ်ဘွတ်ခတ် စာမျက်နှာကို ဖေ့စ်ဘွတ်ခ် တားမြစ်ပိတ်ပင်ခဲ့တယ်လို့ The Wall Street Journal က ဖေဖော်ဝါရီ ၃ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ ယာယီ ဘေးအန္တရာယ်ရှိမှုမြင့်မားတဲ့နေရာအဖြစ် သတ်မှတ်ချက်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အောက်လွှတ်တော်ကို စီးနင်းမှုအပြီး မြို့တော် ဝါရှင်တန် ဒီစီကို အလားတူ အဆင့် သတ်မှတ်ဖူးပါတယ်။

3 months Ago

February 4, 2021

အာဏာသိမ်းစစ်အစိုးရက ဖေ့စ်ဘွတ်ခ် အသုံးပြုမှုကို စတင်ကန့်သတ်ပိတ်ပင်

အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံမှာ  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဒီကနေ့ စတင်ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးမပြုနိုင်ရေးအတွက်ဆက်သွယ်ရေးအော်ပရေတာတွေ၊ International Gateway ဆောင်ရွက်ခွင့်ရှိသူတွေ၊ ISP (Internet  Service Provider)တွေအနေနဲ့ အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီ ၇ ရက် အထိပိတ်ထားဖို့ ညွှန်ကြားထားတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့စာမှာ ဖော်ပြပါတယ်။ 

လက်ရှိကာလမှာ အဖျက်အမှောင့် လုပ်နေသူတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့၊ အများပြည်သူကြား အထင်အမြင်လွဲမှား စေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်တာလို့ဆိုပါတယ်။

ဒီမနက်ပိုင်းမှာတော့ အော်ပရေတာတချို့က ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့မရအောင် စတင်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနဘက်ကို ဆက်သွယ်လို့ မရသေးပါဘူး။ ဒီလိုဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ‌တော့ ဝေဖန်မှုတွေရှိနေပါတယ်။

3 months Ago
Up