ဖူးခက်

July 26, 2018

လွတ်မြောက် မိကျောင်းကြီးကြောင့် ဖူးခက်ကမ်းခြေတလျှောက် ရေမကူးရန် သတိပေး

ထိုင်းနိုင်ငံက ကမ္ဘာကျော်ကမ်းခြေတခုဖြစ်တဲ့ ဖူးခက်ကမ်းခြေမှာ လွတ်မြောက်နေတဲ့ မိကျောင်းကြီး တကောင်ကြောင့် လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေအနေနဲ့ အဲဒီမိကျောင်းကြီး မမိမချင်း ရေမကူးကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အရှည် ၂ မီတာရှိတဲ့ အဲဒီမိကျောင်းကြီးကို ရာဝေကမ်းခြေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က နောက်ဆုံးတွေ့ခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်သူကမှ ထပ်မတွေ့ကြသေးပါဘူး။ လက်ရှိမှာတော့ အဲဒီမိကျောင်းကြီးကို ဖမ်းမိနိုင်ဖို့ ဖူးခက်ဒေသတွင်း ကမ်းခြေတွေအနှံ့ ပိုက်စိပ်တိုက် ရှာဖွေနေကြပြီး ဘယ်နေရာကနေ ထွက်လာမလဲဆိုတာကို မခန့်မှန်းနိုင်ကြသေးဘူးလို့ ထိုင်းတောင်ပိုင်း ရေချိုငါးလုပ်ငန်း ကာကွယ်ထိန်းသိမ်းရေးစင်တာက ပြောပါတယ်။ ဖူးခက်မြို့တော်ဝန် နော်ရဖက်ထ်ပလော့ဒ်သောင်ကတော့ လွတ်မြောက်နေတဲ့ မိကျောင်းကြီးဟာ တယောက်ယောက်က မွေးမြူထားခဲ့တာဆိုရင်တော့ ဒဏ်ကြေးတပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒေသတွင်း မှတ်ပုံတင်ထားတဲ့ မိကျောင်းမွေးမြူရေး လုပ်ငန်းတွေကို စစ်ဆေးခဲ့ပြီးနောက်မှာ ဒါဟာ တယောက်ယောက်က ပိုင်ဆိုင်တာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာပါ။ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းကာကွယ်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေကို ခွင့်ပြုချက်မရှိဘဲ မွေးမြူထားမယ်ဆိုရင် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေအရ ပိုင်ရှင်ကို ထောင်ဒဏ်တနှစ်ထိ၊ ဒါမှမဟုတ် ဒဏ်ကြေး ဘတ်ငွေတသောင်းထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။
3 years Ago

July 10, 2018

ထိုင်းတွင် အပျော်စီးလှေ နစ်မြုပ်ခဲ့မှုအတွက် ခရီးသွားလုပ်ငန်းဝန်ကြီး တောင်းပန်

ထိုင်းနိုင်ငံအတွင်း အပျော်စီးလှေနစ်လို့ သေဆုံး ဒဏ်ရာရသူတွေကို ထိုင်း ခရီးသွားလုပ်ငန်းဝန်ကြီးက တောင်းပန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းရဲ့ ကမ်းလွန်မှာ မုန်တိုင်းကြောင့် လှေ ၂ စီး နစ်မြုပ်ခဲ့အပြီး ခရီးသွားဝန်ကြီး ဝီရာဆပ်ခ် ခို့စူရတ်ဟာ ဒဏ်ရာရသူတွေနဲ့  သေဆုံးသူတွေရဲ့ မိသားစုတွေကို ဇူလိုင် ၉ ရက်နေ့က တောင်းပန်လိုက်ပါတယ်။ တရုတ်အများစုဖြစ်တဲ့ နိုင်ငံခြားသား ခရီးသည် အယောက် ၁၃၀ ကျော် တင်လာတဲ့ လှေ ၂ စီးဟာ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှာ လေထန် လှိုင်းကြီးလို့ နစ်မြုပ်ခဲ့တာပါ။ ဖီးနစ်လို့ နာမည်ပေးထားတဲ့ လှေပေါ်က ခရီးသည် ၄၂ ဦး သေဆုံးတယ်လို့ အတည်ပြုထားပြီး တခြားလူ ၁၄ ဦး ပျောက်နေဆဲပါ။ ဆေရေနာတာလို့ခေါ်တဲ့ လှေပေါ်က ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးနဲ့ တခြားအရာရှိတွေဟာ သတင်းစာ ရှင်းလင်းပွဲအတွင်း မတ်တပ်ရပ် အလေးပြုခဲ့ပါတယ်။ ဒါဟာ မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ပထမဆုံး တရားဝင် ကြေညာတာပါ။ သေဆုံးသူတွေနဲ့ မိသားစုတွေအတွက် တကယ့်ကို ဝမ်းနည်းပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် ဇူလိုင် ၈ ရက်နေ့မှာ အလောင်းတွေ ထပ်မတွေ့သေးဘူးလို့ ဖူးခက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသခံ ရွက်လှေကလပ် love andaman ရဲ့ ပိုင်ရှင်က တရုတ်ခရီးသည် အယောက် ၂၀ ကို ကယ်နိုင်ခဲ့တာပါ။ ရွက်လှေတွေကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေချိန် လှေနစ်ကြောင်း ကြားလို့ သူ့ရွက်လှေနဲ့ အမြန်သွားကယ်ခဲ့တယ်၊ လှိုင်းကြမ်းလို့ လေးခေါက်သာ ကယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူတို့အားလုံး အသက်ကယ်ဝတ်စုံ ဝတ်ထားပြီး အသက်ကယ် ဘောကွင်းတွေကို ကိုင်ထားတယ်၊ ဒါပေမယ့် လှိုင်းက ခါချနေလို့ လက်ပန်းကျလာခဲ့တာလို့ ကလပ်ပိုင်ရှင် ယန်နာဖတ်က ပြောပါတယ်။ သင်္ဘောကပ္ပတိန်ကို နမော်နမဲ့ပြုမှုနဲ့ တခြားလူတွေ ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမှုတွေနဲ့ တရားစွဲထားပြီးပြီလို့ ဖူးခက်ရဲတွေက ပြောပါတယ်။
3 years Ago
More News
Up