ဘရာဇီးဂန္ထဝင်ကစားသမားကြီးပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအမည်ပေးချင်တဲ့ နိုင်ငံတွေ ရှိရင် ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုကပြောပါတယ်။
ဖီဖာဥက္ကဋ္ဌဟာ တနင်္လာနေ့က ပီလီရဲ့ ဈာပနအခမ်းနားကိုတက်ရောက်ခဲ့ပြီးနောက် ကွင်းအမည်ပေးချင်တဲ့နိုင်ငံတွေရှိသလားဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းကိုမေးမြန်းသွားမယ်လို့ ပြောခဲ့တာပါ။
“အနည်းဆုံးတော့ ပီလီအမည်နဲ့ ဘောလုံး ကွင်းတစ်ကွင်းရှိနိုင်ဖို့အတွက် နိုင်ငံတိုင်းကို မေးမြန်းသွားဖို့ရှိပါတယ်။ ဒါက ဘောလုံးလောကအပေါ် ပီလီရဲ့ အရေးပါမှုကို လူငယ်တွေသိစေနိုင်လိမ့်မယ်” လို့ ဖီဖာဥက္ကဋ္ဌအင်ဖက်တီနိုကပြောပါတယ်။
ဘရာဇီးဂန္ထဝင်ကစားသမား ပီလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ကြိမ်ချန်ပီယံဆုရ ယူနိုင်ခဲ့တဲ့ တစ်ဦး တည်းသောကစားသမား ဖြစ်ပြီးကစားသမားဘဝသက်တမ်းနှစ် ၂၀ ကျော်အတွင်းမှာ ဂိုး ၁၂၀၀ ခန့်သွင်းယူနိုင်ခဲ့ပါတယ်။
အနာဂတ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ပူးတွဲကျင်းပနိုင်ဖို့ ရည်မှန်း ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့အချုပ် (FIFA-ဖီဖာ) ဥက္ကဋ္ဌ အင်ဖက်တီနိုကပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံတွေဟာ ပဋိပက္ခတွေဖြစ်ပွားနေတာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နေပြီး တချိန်မှာတော့ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပစေချင်ကြောင်း ဖီဖာဥက္ကဋ္ဌက ငြိမ်းချမ်းရေးစကား ဆိုခဲ့တာပါ။
ဖီဖာဥက္ကဋ္ဌဟာ အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေချိန်မှာ အစ္စရေးနိုင်ငံအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲလို့ ပြော ပါတယ်။
“အေဗရာဟမ်အက်ကော့ဒ် ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့အညီ အစ္စရေးနိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းက အိမ်နီးနားချင်းနိုင်ငံတွေအပြင် ပါလက်စတိုင်းနိုင်ငံနဲ့ပါ ကမ္ဘာ့ဖလားကို ပူးတွဲ ကျင်းပဖို့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ” လို့ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုကပြောပါတယ်။
အင်ဖက်တီနိုဟာ အစ္စရေးနိုင်ငံကိုသွားရောက်ခဲ့အပြီးမှာ ပါလက်စတိုင်းနိုင်ငံကို အလည်အပတ်သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ပါလက်စတိုင်းဘက်က ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။