ဖိုးသော်

June 15, 2020

ဖိုးသော်ရဲ့ အမှတ်တရအရှိဆုံး ONE Championship  ပွဲစဉ်  ၃ ပွဲ

လူတစ်ဦးချင်းစီအတွက် ၎င်းတို့ ဖြတ်သန်းခဲ့ရာဘဝတလျှောက် ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စရာ ဖြစ်ရပ်တွေ ရှိခဲ့ဖူးကြမှာပါ။ ငယ်စဉ်က မိဘတွေဆီကနေ ကိုယ်လိုချင်တဲ့ ကစားစရာအရုပ်လေးပဲဖြစ်ဖြစ်၊ ဘောလုံးလေးပဲဖြစ်ဖြစ် ရခဲ့ဖူးတာ၊ စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာ၊ ကိုယ်ချစ်ရတဲ့သူဆီက မေတ္တာရှိကြောင်း အဖြေပြန်ရတာ၊ အလုပ်အကိုင်ကောင်းကောင်း ရရှိတာ၊ ထီပေါက်တာ စသဖြင့် အကြောင်းခြင်းရာမျိုးစုံ ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်စရာရှိသလို ဘယ်တော့မှ မမေ့နိုင်တဲ့ စိတ်ညစ်စရာ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးမှာပါပဲ။ အားကစားသမားတွေအတွက်ကတော့ ၎င်းတို့ပြိုင်ဆိုင်ခဲ့သမျှ အနိုင် အရှုံး မှတ်တမ်းတွေ၊ ပြိုင်ဘက်တွေဖြစ်မှာ သေချာပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်လျက်ရှိတဲ့ “ဘူရှီးဒိုး” ဖိုးသော် ဆိုရင်လည်း သူ့ရဲ့ အားကစားသမားဘဝတလျှောက် အမှတ်တရအရှိဆုံးနဲ့ မမေ့နိုင်စရာအကောင်းဆုံးပွဲတွေ ရှိခဲ့ဖူးပါတယ်။ Team PT အသင်းရဲ့ ပဲ့ကိုင်ရှင် ဖိုးသော်ဟာ ကမ္ဘာ့စင်မြင့်ထက် ၁၀ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပြီး မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေ၊ Karate(Kyokushin) အားကစားသမားအဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြုကာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖူးပါတယ်။ ဖိုးသော်ရဲ့ ကစားသမားဘဝတလျှောက် အမှတ်တရအရှိဆုံး ၃ ပွဲအကြောင်း ဖော်ပြလိုက်ပါတယ်။ MMA မျက်နှာစာအဖွင့်  ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ ONE:KINGDOM OF WARRIORS ပြိုင်ပွဲက ဖိုးသော်ရဲ့ ပထမဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပွဲဖြစ်ခဲ့ပြီး မြန်မာအားကစားသမား ကြယ်စင်ထူးနဲ့ ထိုးသတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွဲဆိုင်းက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ဖိုးသော်ရဲ့ လက်သီးတွဲလုံးတွေကြောင့် ကြယ်စင်ထူးရဲ့ ဘယ်ဘက်မျက်ခုံးကွဲကာ သွေးဒီးဒီးကျခဲ့ပါတယ်။ ပထမအချီ စေ့သွားပေမယ့် ၎င်းရဲ့ မျက်ခုံးကွဲ ဒဏ်ရာကို ကြိုးဝိုင်းဒိုင်လူကြီးက စိုးရိမ်ပြီး ဆက်လက်ထိုးသတ်ခွင့်မပြုတော့တာကြောင့် ဖိုးသော်ရဲ့ MMA အဖွင့်စာမျက်နှာက လှပခဲ့ပါတယ်။ ပြိုင်ပွဲမထိုးသတ်မီ တစ်ရက်အလိုမှာ ၇၁ ကီလိုကနေ ၆၅ ဒသမ ၈ ကီလိုရဖို့ အစားမစား၊ ရေမသောက်ဘဲ ဝိတ်လျှော့ခဲ့ရပြီး ဝိတ်မလျှော့နိုင်ရင် ပွဲပျက်နိုင်သလို လျော်ကြေးပါ ပေးရမှာပါ။ ဒါကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ချိန် မှာ ခွန်အားဆုတ်ယုတ်ကာ ရုန်းကန်ခဲ့ရပြီး ကံတရားကြောင့် အနိုင်ရခဲ့လို့ အမှတ်ရစရာပွဲတစ်ပွဲဖြစ်ကြောင်း သူက ဆိုပါတယ်။ သရေကျတဲ့ ရိုးရာလက်ဝှေ့အဖွင့်ပွဲ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်က ရန်ကုန်က သိမ်ဖြူရုံမှာ ပြုလုပ်တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ် အထူးစိန်ခေါ်ပွဲမှာတော့ သတ္တိကလပ်က ဂျာမနီနိုင်ငံသား စောနီကိုးနဲ့ အထူး ၃ ချီပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး သရေကျခဲ့ပါတယ်။ ပထမဆုံးသော မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ထိုးသတ်ခွင့်ရဖို့အတွက် အတော်ကြိုးစားခဲ့ရပြီး စောနီကိုးက ကိုယ်အလေးချိန်များတာကြောင့် ပွဲပျက်မလို ဖြစ်ခဲ့ပေမယ့်လည်း ရှုံးရင် ထိုးကြေးမယူဘူးလို့ ဆရာဖြစ်တဲ့ အဖြူရောင်သတ္တိကလပ်က ဆရာအောင်ပွဲမောင်ကို အတင်းပြောတော့မှ ထိုးသတ်ခွင့် ရခဲ့တာပါ။ ဝိတ်ကွာတာကြောင့် ပထမအချီကတည်းက ညာဘက်လက် ကျိုးသွားသလို မျက်နှာတစ်ခြမ်းလည်း ဖူးရောင်ခဲ့ပြီး သရေကျလို့ရရှိတဲ့ ထိုးသတ်ကြေးငွေ ၅ သောင်းကို ရေဘေးရန်ပုံငွေအဖြစ် လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးသော မြန်မာ့ရိုးရာလက်ဝှေ့အဖွင့်ပွဲက ၅ နှစ်နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမီဒီယာအချို့က အဆိုပါပွဲမှာ ဖိုးသော် အနိုင်ရခဲ့တယ်လို့ ဖော်ပြခဲ့တာကြောင့် စောနီကိုးဘက်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖိုးသော်က သူ့အနေနဲ့ မီဒီယာတွေကို စောနီကိုးနဲ့ပွဲကို အနိုင်ရတယ်လို့ တစ်ခါမှ ဖြေကြားခဲ့ခြင်းမရှိဘဲ သတင်းထောက်အနေနဲ့ မှားယွင်းဖော်ပြခြင်းသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲအပြီးမှာ သတ္တိကလပ်ကို သွားရောက်ကာ စောနီကိုးနဲ့ ဆရာတွေကို သွားရောက်နှုတ်ဆက်ခဲ့သေးတယ်လို့ ပြောပါတယ်။ သတင်းရေးသားသူအနေနဲ့ သူ့ရဲ့အမှားကို တောင်းပန်ထားသလို စောနီကိုးဘက်ကိုလည်း တောင်းပန်ထားတယ်လို့ ဖိုးသော်က ပြောပါတယ်။  “စောနီကိုးနဲ့ သရေကျခဲ့တဲ့ မှတ်တမ်းပုံကို ကျနော့်ရဲ့ အင်စတာဂရမ်မှာ တင်ထားတယ်။ ကစားသမားဘဝတလျှောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့၊ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား၊ Karate(Kyokushin) ဘယ်ပွဲပဲဖြစ်ဖြစ် ပြိုင်ဘက်တွေကို တလေးတစား ယှဉ်ပြိုင်ခဲ့သလို ပွဲမှတ်တမ်းတွေလည်း ရှိပါတယ်။ မီဒီယာအင်တာဗျူးတွေမှာလည်း မိမိအဖွဲ့အစည်း၊ ပြိုင်ဘက်၊ ဆရာ၊ အသင်းဖော်၊ ပညာရပ်၊ ပရိသတ်တွေအပေါ် မလေးမစားတဲ့ အပြုအမူ တစ်ခါမှမလုပ်ခဲ့သလို အချက်အလက်တွေကို လိမ်ညာဖြေတာမျိုးလည်း မလုပ်ခဲ့ဖူးပါဘူး။ လတ်တလောမှာလည်း ဘယ်မီဒီယာကိုမှ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး ဖြေကြားတာမျိုး မရှိသလို ၂၀၁၇ ခုနှစ်လောက်က မီဒီယာတစ်ခုရဲ့အမှားကို အခုမှ ထပ်ဆင့်ဖော်ပြတာကြောင့် အမှားတွေ ဖြစ်ခဲ့တာပါ။ ကျနော့်ရဲ့ ပထမဆုံးသော မြန်မာ့ရိုးရာ လက်ဝှေ့ပွဲက ၅ နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် အခုကျမှ ရိုက်ခတ်မှုအချို့ရှိခဲ့တာက အမှတ်ရစရာ အဖြစ်ဆုံးပါပဲ။”  ခြေထောက်ကျိုးတာ မသိဘဲ ပြိုင်တဲ့ပွဲ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ ဖိတ်ခေါ် Karate(Kyokushin) ပြိုင်ပွဲမှာ ဖိုးသော်က မြန်မာနိုင်ငံကိုယ်စားပြုကာ စတုတ္ထရရှိခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲမှာ စင်ကာပူ အားကစားသမားကို ပြစ်ဒဏ်လုပ်မိလို့ ရှုံးသွားသလို ခြေထောက်အရိုးပါ အက်ခဲ့လို့ တတိယ နေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ဖို့ အခက်တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ၁၁ ယောက်အနက် ၎င်းတစ်ဦးတည်းသာ ကျန်တာကြောင့် အင်ဒိုနီးရှားပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရတဲ့ တတိယလုပွဲမှာ ကြိုးစားယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အမှတ်နဲ့ ရှုံးကာ ခြေထောက်ပါ ကျိုးခဲ့ပါတယ်။ ၎င်းရဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကြောင့် Bushido ဆုကိုရခဲ့ပြီး နောက် ၃ ပတ်လောက်ကြာတဲ့အထိ မသက်သာတော့မှ ဆေးရုံပြရာမှာ ခြေထောက်က ကျိုးနေတာကို သိရလို့ အမှတ်ရစရာပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဖိုးသော်က ဖွင့်ဟပါတယ်။
1 year Ago

June 5, 2020

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ကြောင်း   အောင်လအန်ဆန်နှင့် ဖိုးသော်ပြော

လူမျိုးရေးခွဲခြားမှုတွေက လက်သင့်ခံစရာမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ONE Championship လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်-အမေရိကန် လူမည်း George Floyd ကို ရဲတပ်ဖွဲ့ကဖမ်းဆီးစဉ် သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံသားတွေက တရားမျှတမှုရဖို့ မြို့ကြီးတွေမှာ ဆန္ဒဖော်ထုတ်ခဲ့သလို လူမည်းတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး အောင်လအန်ဆန်က  လူသားမျိုးနွယ်စုအားလုံးက တစုတစည်းတည်းဖြစ်တယ်၊ ဒါဟာ စင်ကာပူအခြေစိုက် ONE Championship ကလက်ကိုင်ထားနေတဲ့ ဆောင်ပုဒ်လည်းဖြစ်တယ်လို့ပြောပါတယ်။ “ကျနော်တို့တွေ ဒီစကားစုရဲ့အနက်အဓိပ္ပာယ်နဲ့ သတိပေးမှုကို အရင်အချိန်တွေထက် ဒီနေ့မှာ ပိုပြီးသိရှိသဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့တတွေ မည်သူမည်ဝါပင်ဖြစ်စေ၊ မည်သည့်အရပ်ဒေသကပဲဖြစ်ပါစေ ကျနော်တို့ဟာ မိသားစုတစ်စုတည်း ONE၊  လူသားမျိုးနွယ်တစ်ခုတည်း ONE ပဲ ဖြစ်ကြပါတယ်။ အကြောင်းအရာတစ်ခုကို ပြဿနာမဖြစ်စေဘဲ ဖြေရှင်းနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အားလုံးပဲ ကောင်းမွန်တဲ့ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ”လို့ အောင်လအန်ဆန်က သူ့ရဲ့လူမှုကွန်ရက်ကနေ ဆုတောင်း မေတ္တာ ပို့သခဲ့ပါတယ်။ အလားတူ Team PT အသင်းကိုတည်ထောင်ထားတဲ့ MMA အားကစားသမား ဖိုးသော် ခေါ် “ဘူရှီးဒိုး”ကလည်း လူမျိုးရေးခွဲခြားမှုဟာ အတွေးအခေါ် နိမ့်ပါးသူတွေရဲ့စရိုက်လက္ခဏာဖြစ်ပြီး ဘားရတ်အိုဘားမား၊ မိုက်တိုက်ဆန်နဲ့ မေဝယ်သာတို့လို ထိပ်တန်းပုဂ္ဂိုလ်တွေက လူမည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဖြစ်ပျက်နေတာတွေကနေ လူသားတွေအနေနဲ့ သင်ခန်းစာ ကောင်းကောင်းယူသင့်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံတဲ့ ခေတ်က ပြီးဆုံးသင့်ပါပြီ။ အသားအရောင်အပေါ်၊ ကိုးကွယ်ယုံကြည်ရာအပေါ်ကိုလိုက်ပြီး လူသားတိုင်းကို ခွဲခြားမြင်လို့မရတော့ပါဘူး။ လူဟာ လူပါပဲ။ အမှန်တကယ်ကတော့ လူ့အသိုင်းအဝိုင်းမှာ အသားအရောင်ထက လူတွေရဲ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနဲ့ လုပ်ရပ်တွေအပေါ်မှာပဲ မြင်အောင်ကြည့်သင့်တယ်” လို့ ဖိုးသော်က ပြောပါတယ်။ ONE Warrior Series ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ Team PT အသင်းသား စိုင်းဉာဏ်လင်းကတော့ လူမျိုးရေးခွဲခြားတာကို ရှုတ်ချသလို အမေရိကန်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်လို့ ဖွင့်ဟပါတယ်။ George Floyd သေဆုံးမှုဟာ တစ်ကမ္ဘာလုံးကိုပါ ရိုက်ခတ်ခဲ့ပြီး ဗြိတိန်၊ ဂျာမနီ စတဲ့ နိုင်ငံတွေအထိ ကူးစက်ကာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။  ကမ္ဘာအနှံ့က ထင်ပေါ်ကျော်ကြားသူတွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ ကလည်း George Floyd အတွက် တရားမျှတခွင့်ရဖို့ တောင်းဆိုနေကြပြီး အမေရိကန်မှာဆိုရင် ဆန္ဒပြပွဲတွေကတဆင့် လုယက်မှု၊ ဖျက်ဆီးမှုတွေဖြစ်ပေါ်နေတာကြောင့် ညမထွက်ရအ မိန့်ထုတ်ပြန်ထားသလို စစ်တပ်အကူအညီကို တောင်ယူရတဲ့အထိ ကြီးမားလာခဲ့ပါတယ်။
1 year Ago
More News
Up