ဖိလစ်ပိုင်ကို နာရီပိုင်းအတွင်း မုန်တိုင်းဝင်တော့မည်

May 10, 2015

ဖိလစ်ပိုင်ကို နာရီပိုင်းအတွင်း မုန်တိုင်းဝင်တော့မည်

နူအယ်လ်လို့ နာမည်ပေးထားတဲ့ တိုက်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းဒေသကို လာမယ့် နာရီပိုင်းအတွင်း ၀င်ရောက်ဖို့ ရှိပါတယ်။ ကာဂါယန် ပြည်နယ်နဲ့ အစ္စဘဲလား ပြည်နယ်တို့ကို ဖြတ်သန်းမယ့် မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၅၀ ၀န်းကျင်  ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဂြိုဟ်တုဓာတ်ပုံအပေါ် အခြေခံတဲ့ ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ ကမ်းခြေဒေသကို ချဉ်းကပ်လာချိန်မှာ ပိုပြီး အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နဂိုအဆင့် ၄ မုန်တိုင်း သတ်မှတ်ထားရာကနေ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၅ မုန်တိုင်း ဖြစ်ဖို့ နီးစပ်နေတယ်လို့ ခန့်မှန်းချက်တွေက ဆိုပါတယ်။ မုန်တိုင်းလမ်းကြောင်းက ဒေသတွေဟာ စပါးစိုက်ပျိုးရာ ဒေသတွေ ဖြစ်ပါတယ်။ အမျိုးသားသဘာဝ ကပ်ဘေး အေဂျင်စီရဲ့ အဆိုအရ မုန်တိုင်း မ၀င်ခင်ကတည်းက လူဇွန် ဒေသတွင်းက ဒေသ ၂၀ လောက်မှာ မုန်တိုင်းအန္တရာယ်နဲ့ ဒီရေလှိုင်းအမြင့် ၂ မီတာ ခွဲလောက်အထိ မြင့်တတ်နိုင်တာကို ကြိုတင်သတိပေးထားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လိုအပ်ရင် ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကြိုတင်နေရာ ချထားတယ်လို့လည်း ပြောပါတယ်။ လမ်းတွေကို ရှင်းလင်းတဲ့ လုပ်ငန်းကို ချက်ချင်းလုပ်နိုင်ဖို့ စက်ယန္တရားတွေ အသင့်ပြင်ဆင်ထားသလို လူဇွန် ဒေသထဲက လူထောင်နဲ့ ချီပြီး ဘေးလွှတ်ရာကို ရွှေပြောင်းပေးခဲ့ပါတယ်။ အစိုးရ လူမှုဖူလုံရေးဌာနကလည်း လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ထုပ်ပိုး ထားခဲ့ပါတယ်။ မုန်တိုင်းကြောင့် မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်နိုင်တာကိုလည်း ဒေသ ဆိုင်ရာ ရုံးတွေက ကြိုတင် သတိပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်စဉ် မုန်တိုင်း အကြိမ် ၂၀ လောက် ကြုံရတဲ့ နိုင်ငံဖြစ်ပါတယ်။  လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ စူပါ တိုင်ဖွန်း ဟိုင်ရန် ၂၀၁၃ ခုနှစ်မှာ တိုက်ခတ်မှုကြောင့် လူအယောက် ၈၀၀၀ ကျော် သေဆုံးဒဏ်ရာရခဲ့ပါသေးတယ်။
6 years Ago
Up