ဖားကန့်မြို့နယ်

May 11, 2021

ဖားကန့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ဆန်းကြွယ်ကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို မေလ ၁၀ ရက် ည ၇ နာရီကျော်က သူ့ရဲ့နေအိမ်မှာ  အမည်မသိ လူသုံးယောက်က သေနတ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ဦးမြင့်မောင်ကို အမည်မသိလူသုံးယောက်က နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ လေးချက် ပစ်ခတ်သွားတာလို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ရရှိတဲ့သေနတ်ဒဏ်ရာကို ဆေးကုသမှုခံယူနိုင်ဖို့ ဦးမြင့်မောင်ကို  ပုဂ္ဂလိက ဆေးရုံသို့ ခေါ်ဆောင်လာစဉ် သေဆုံးသွားခဲ့တာလို့လည်း ကူညီလုပ်ဆောင်ပေးနေတဲ့ လူမှုကူညီရေး အသင်းတွေ ဆီက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီထောက်ခံသူဖြစ်တဲ့ ဦးမြင့်မောင်ဟာ စစ်အာဏာသိမ်းမှုကို လိုလား ထောက်ခံသူဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေခဲ့ပြီး သတင်းပေး ဒလန်အဖြစ်  ရပ်ကွက်နေသူအများစုရဲ့ သတ်မှတ်ခံထားရသူလည်းဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ကလည်း ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်န္ဒာလှိုင်ဟာ နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရဖူးပါတယ်။ 

ဖားကန့်မြို့နယ်မှာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသတ်ခံရသူပေါင်းဟာ ၂၀၁၂ ခုနှစ်ကနေ ယနေ့အချိန်ထိ   ၁၀ ယောက် ထက်မနည်းရှိခဲ့ပါတယ် ။

5 days Ago

May 10, 2021

ဖားကန့်မြို့နယ်၊ မမုံရွာက သပိတ်ဦးဆောင်သူများကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံရွာမှာ သပိတ်ဦးဆောင်သူတွေလို့ ယူဆသူတွေအပါအဝင် အနည်းဆုံး ရွာသား ၈ ဦးကို  စစ်ကောင်စီတပ်တွေက  မေလ ၁၀ ရက် ဒီမနက်မှာ ဖမ်းဆီးသွားပါတယ်။

ဒေသခံတယောက်က "ဒီမနက် ၅ နာရီကျော်လောက်က အိမ်တွေကို ဝင်ဖမ်းတာ။ ၈ ယောက် ဖမ်းခံရတယ်။ ကိုရှမ်းလေးဆိုရင် အိမ်မှာမရှိလို့ သူ့မိန်းမနဲ့ ကလေး ၃ ယောက်ကို ဖမ်းသွားတယ်။ သူတို့ကတော့ အခု ညနေ ပြန်လွတ်လာပြီလို့သိရတယ်။ တခြားသူတွေတော့ မလွတ်သေးဘူး" လို့ ပြောပါတယ်။

ဝင်ရောက်ရှာဖွေခံရတဲ့အိမ်တွေမှာ ရဲနဲ့စစ်တပ်က မွှေနှောက်ဖျက်ဆီးသွားတာ  ရှိတယ်လို့လည်း ဆိုပါတယ်။

မမုံစံပြကျေးရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို တက်တက်ကြွကြွလုပ်နေတဲ့ ရွာ တရွာဖြစ်ပြီး မကြာခဏလည်း သပိတ်တွေဖြိုခွဲခံခဲ့ရပါတယ်။

6 days Ago
More News
Up