ဖားကန့်တွင်သေဆုံးသွားခဲ့သူများ

July 13, 2020

ဖားကန့်တွင်သေဆုံးသွားခဲ့သူများအတွက် ဝမ်းနည်းကြောင်းအဆို အတည်ပြု၊  လွှတ်တော်အမတ်များ ၁ မိနစ်ငြိမ်သက်ဆုတောင်း 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျပြီး သေဆုံး၊ ပျောက်ဆုံး ဒဏ်ရာရခဲ့ကြသူတွေအတွက်  ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဝမ်းနည်းကြောင်းအဆို အတည်ပြုပြီး  လွှတ်တော်ကိုယ်စားလှယ်တွေက ဝမ်းနည်းကြောင်း တမိနစ်ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။ ဒီကနေ့ ဇူလိုင် ၁၃ ရက်မွန်းလွဲပိုင်းမှာ ပြန်လည်ခေါ်ယူကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဝမ်းနည်းကြောင်းအဆို တင်သွင်းခဲ့တာပါ။ “အခု ဇူလိုင်လ ၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာ တောင်ကမ်းပါးယံပြိုကျမှုမှာ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာခဲ့သူများအတွက် ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွ ဒီမှာရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးက အထူးပင်ကြေကွဲထိခိုက် ခံစားခဲ့ရပါကြောင်းနဲ့ ကျနော်ရဲ့ ဝမ်းနည်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်ကြီးက မှတ်တမ်းတင်ပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ်”လို့ ဦးတင့်စိုးက လွှတ်တော်မှာ ပြောသွားပါတယ်။  ဒီအဆိုကို မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို မှတ်တမ်းတင်နိုင်ဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့အတွက် ဝမ်းနည်းကြောင်းအဆိုကို အတည်ပြုတဲ့ အကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဇူလိုင် ၂ ရက် မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေ အများအပြား သေဆုံးခဲ့ကြရတာပါ။ အဆိုပါမြေပြိုကျမှုမှာ လူပေါင်း  ၁၇၂ ရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ  ၄၇ ဦး ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။
1 year Ago
Up