ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ဇန်နဝါရီ ၃၀ ဒီနေ့ မနက်ပိုင်းက ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ ၄ ယောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ဒေသခံတွေထံကသိရပါတယ်။
နမ့်မှော် ကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်ဟောင်းတစ်ခုမှာ အမျိုးသား ၄ ယောက် ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးပြိုကျခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
လူမှုကယ်ဆယ်ရေးဝင်ရောက်လုပ်ကိုင်ပေးခဲ့တဲ့ ဒေသခံတစ်ဦးက " မနက် ၉ နာရီလောက်က ကုမ္ပဏီလုပ်ကွက်ဟောင်းထဲမှာ သူတို့လေးယောက် ကျောက်ရှာနေတုန်း အနောက်ဘက်က ပေတစ်ရာလောက်ရှိတဲ့ကမ်းပါးပြိုကျတာ။ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။
ကမ်းပါးပြိုပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ရှာဖွေရာမှာ မနက် ၁၀ နာရီ လောက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ က ကျောက်ယမ်းခွဲရာကနေ ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KIA၊ PDF တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဆရာဝန်တယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယူမာအဲဗားတာဝါတိုင်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို KIA နဲ့ PDF တွေက မနက် ၅ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ အသေအဆုံးများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသခံတဦးက “မနက်အစောပိုင်းဖြစ်တာ တိုက်ပွဲက၊ ဒီစကစဘက်က သေဆုံးတာ များနိုင်တယ်။ အဲ့ဒါပြီးတော့ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြီးတော့ အေးမြသာယာက ဆရာဝန်ကိုလည်း လာဖမ်းသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အလစ်ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် အသေအဆုံး အထိအခိုက် များနိုင်လို့ အေးမြသာယာကျေးရွာက ဆရာဝန်ကို မနက် ၁၀ နာရီလောက်မှာ လာဖမ်းသွားတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ယူမာအဲဗားရုံးချုပ် မီးဖိုချောင်နားကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်ထွေအုပ်ရုံးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဗုံးပစ်လောင်ချာနဲ့ ၃ ချက် လာ ပစ်ခတ်သွားပါတယ်။