ဖာပွန်

July 23, 2021

ဖာပွန်ခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန် မူတြော်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း  KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူက  ဇူလိုင် ၂၂ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲမှာ တပ်ရင်းမှူး ၁ ဦးပါဝင်သလို တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအန်ယူသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတည်ဆောက်တာတွေကြောင့် ကေအန်ယူထိန်းချုပ်နယ်မြေတွေမှာ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၂၀၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရသလို မိုးတွင်းကာလမှာ နေထိုင်စားသောက်ရေးအပြင် ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးရောဂါ တွေပါ ခံစားနေရပါတယ်။

3 months Ago

May 26, 2021

ဖာပွန်မြို့နယ်တွင် ကျောက်မိုင်းလုပ်သား ၁ ဦး မိုင်းနင်းမိပြီး ခြေလက်ပြတ်ထွက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် (မူတြော်ခရိုင်) ဝါးသိုးခိုကျေးရွာ  ကမမောင်း - ဖာပွန်သွား ကားလမ်းမဘေး ကျောက်မိုင်းအနီး မေ ၂၅ ရက် ညနေ ၆ နာရီလောက်က   ကျောက်မိုင်းလုပ်သားတစ်ဦး မိုင်းနင်းမိ  ဒဏ်ရာရရှိသွားပါတယ်။

မိုင်းနင်းမိတဲ့အတွက် ခြေထောက်နဲ့ လက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိပြီး မိုင်းထိလူနာကို ဘားအံမြို့၊ တောင်ကလေးစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနိုင်ဖို့ သွားရောက်ပို့ဆောင်နေပြီလို့ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဝါးသိုးခိုရွာနားက ကျောက်မိုင်းမှာ အလုပ်သမားတစ်ယောက် မိုင်းနင်းမိလို့ ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ပြတ်သွားတယ်။ ဒေသခံတော့မဟုတ်ဘူး။ ဧရာဝတီဘက်က ရွှေ့ပြောင်းလုပ်သားလေးပါ။ ဖြစ်တဲ့နေရာက မကြာခဏတိုက်ပွဲဖြစ်တဲ့နေရာ။”

မေ ၂၄ ရက်ကလည်း  အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး တောင်ယာလုပ်ကိုင်ဖို့အသွား မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူနေရပါတယ်။

အဆိုပါ ဒေသတဝိုက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ထိန်းချုပ်နယ်မြေဖြစ်ပြီး မတ်လကစတင်ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်းပစ်ခတ်မှုတွေအပြင် နယ်ခြားစောင့်(BGF) တပ်တွေကပါ ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွား နေပါတယ်။

5 months Ago
More News
Up