ဖက်​ဒရယ်​စနစ်​တွင်  ကျား၊ မ တန်းတူရေး

February 5, 2018

ဖက်​ဒရယ်​စနစ်​တွင်  ကျား၊ မ တန်းတူရေး ပါဝင်သင့်​ကြောင်း ​ဆွေး​နွေး

ဖက်​ဒရယ်​စနစ်​ ကျင့်သုံးရာမှာ ကျား၊ မ တန်းတူညီမျှရေး ပါဝင်သင့်တဲ့အကြောင်း မန္တလေးမြို့ မဟာ​အောင်​​မြေမြို့နယ်ရှိ  ဟိုတယ်မန္တလေးမှာ  ယုံကြည်​ရာ အသိပညာ​ပြန့်​ပွား​ရေး အသင်းက ​ဦး​ဆောင်​ပြီး  ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပပါတယ်​။ ကျား၊ မ (Gender) ရေးရာဆိုင်​ရာ ညီမျှမှုနဲ့ ဖက်​ဒရယ်​စနစ်​ဟာ ဘယ်​လိုချိတ်​ဆက်​မှုရှိလဲ ဖက်​ဒရယ်​စနစ်​မှာ အမျိုးသမီး​တွေရဲ့ အခန်းကဏ္ဍ ဘယ်​လိုပါဝင်​နိုင်​တယ်​၊ ပြီးတော့ ကွဲပြားတဲ့  လိင်​စိတ်​ခံယူရှိတဲ့ လူပုဂ္ဂိုလ်​​တွေ၊ အစုအဖွဲ့​တွေအတွက်​လည်း ဘယ်​လိုမျိုး ဖက်​ဒရယ်​စနစ်​မှာ ပါဝင်​နိုင်​တယ်​၊ ဖက်​ဒရယ်​စနစ်​က ဘာ​တွေအကျိုးရှိတယ်​ စတာ​တွေကို ​ဆွေး​နွေးကြတာ ဖြစ်ပါတယ်။ ဖက်​ဒရယ်​နိုင်​ငံများ ဖိုရမ်​ မြန်​မာနိုင်​ငံဌာ​နေကိုယ်​စားလှယ်​ ဦးထက်​မင်းလွင်​က “အရင်​က​တော့ ကျား၊ မ Gender ရေးရာနဲ့ ဖက်​ဒရယ်​စနစ်​နဲ့ဆိုတာ သတ်​သတ်ဖြစ်တယ်။ ဖက်​ဒရယ်​​ ဆွေး​နွေးတဲ့သူ​တွေကလည်း Gender မပါကြသလို Gender ပြောတဲ့သူ​တွေကလည်း ဖက်​ဒရယ်စနစ်​ဆိုတာ မပါ​တော့ မြန်​မာနိုင်ငံမှာက​တော့ လက်​ရှိသွားမယ့် နိုင်​ငံ​ရေးစနစ်​က ဖက်​ဒရယ်​နိုင်​ငံ​ရေးစနစ်​ ဖြစ်​တာ​ကြောင့် အဲဒီနိုင်​ငံ​ရေးစနစ်​မှာ ကျား၊ မ Gender ရေးရာ​တွေ ပါဝင်​သင့်တယ်​လို့ ယူဆတာ​ကြောင့် အခုလို အလုပ်​ရုံေ​ဆွေး​နွေးပွဲကို ကျင်းပရတာ”လို့ ပြောပါတယ်။ ဖက်​ဒရယ်​စနစ်​ကို ကျင့်သုံးမှုနဲ့ အမျိုးသမီးတွေ ပါဝင်​မှုကို  ဆက်​စပ်​​ပေးတာဖြစ်တယ်လို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ မန္တလေးတိုင်း လုပ်ငန်း​ကော်​မတီ  ဒုဥက္ကဋ္ဌ  ​ဒေါ်ဝင်းမြမြက​ ပြောတယ်​။ “မြန်​မာနိုင်​ငံမှာ အမျိုးသမီး​တွေက နိုင်​ငံ​ရေးထဲမှာ ပါမလာ​သေးဘူး။ နည်းတယ်​၊ အလွန်​နည်းတယ်​။ တနိုင်​ငံလုံးမှာ အမျိုးသမီးဦး​ရေက ၅၁ ရာခိုင်​နှုန်းလောက် ရှိတယ်​။ ဒါ​ပေမယ့် နိုင်​ငံ​ရေး​လောကမှာတော့ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ရွေးတာကအစ အမျိုး​သမီးတွေ အလွန်​နည်းပါတယ်​။ ဖက်​ဒရယ်​စနစ်​လို့ ဆိုလိုက်​ရင်​ လူ​တွေက ဖက်​ဒရယ်​ဆိုရင်​ ခွဲထွက်​ရမယ်​၊ ခွဲထွက်ကြမယ် ​ဆိုပြီး​တော့ တ​လျှောက်​လုံး စစ်​အုပ်​ချုပ်​​ရေးစနစ်​​အောက်​မှာ ပြည်​သူလူထူထုဟာ ခေါင်းထဲကို ရိုက်​သွင်းခံထားရ​တော့ ဖက်​ဒရယ်​ဆိုရင်​ကို လူ​တွေက​ ကြောက်​​နေကြတယ်” အဲဒီသင်တန်းကို ရန်​ကုန်​မှာ ၂၀၁၇ ​အောက်​တိုဘာလက ဖွင့်လှစ်ခဲ့ပြီး  မန္တ​လေးမှာတော့  ​ဖေ​ဖော်​ဝါရီ ၅ ရက်​​နေ့မှ ၇ ရက်​​အထိ ပြုလုပ်​နေတာ ဖြစ်ပါတယ်။ အလားတူ သင်တန်း​တွေကို ​မော်​လမြိုင်​၊ ​တောင်​ကြီး၊ မြစ်​ကြီးနား၊ စစ်​​တွေ စတဲ့မြို့ကြီး​တွေမှာ ဆက်​လက်​ပြုလုပ်​သွားဖို့ ရှိနေပါတယ်။
3 years Ago
Up