ပြန်ပေးဆွဲခံမှု

September 14, 2021

နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရသည့် ကျောင်းသား ၇၅ ယောက် ပြန်လွတ်မြောက်လာ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ဇမ်ဖာရာပြည်နယ်အတွင်း ကျောင်းကနေ ပြန်ပေးဆွဲထားတဲ့ ကလေး ၇၅ ယောက် ပြန်လွတ်လာပြီလို့ ပြည်နယ်အရာရှိတွေက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

စစ်တပ်က နှိမ်နင်းတာခံရလို့ ပြန်ပေးဆွဲသူတွေက ပြန်လွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။

စက်တင်ဘာ ၁ ရက်က ကာယာရွာကနေ ကျောင်းသားတွေကို ပြန်ပေးဆွဲခဲ့ပါတယ်။ သေနတ်သမားတွေဟာ ဒေသတလွှားက ကျောင်းတွေကနေ ကလေးတွေကို အစုလိုက် အပြုံလိုက် ပြန်ပေးဆွဲနေခဲ့တာပါ။

မနှစ်က ဒီဇင်ဘာလကနေ ခုထိ ကလေး ၁,၁၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရပြီး လက်နက်ကိုင် ဓားပြဂိုဏ်းက ပြန်ရွေးငွေလိုချင်လို့ ပြန်ပေးဆွဲနေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခု လွတ်လာတဲ့ ကလေးတွေအတွက် ပြန်ရွေးငွေ မပေးခဲ့ဘူးလို့ ဇမ်ဖှာရာပြည်နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ပြောခွင့်ရက ပြောပါတယ်။

ကျောင်းဝတ်စုံနဲ့ ကလေးတွေရဲ့ ဓာတ်ပုံတွေကိုလည်း သတင်းထောက်တွေဆီ ပေးပို့ခဲ့ပေမဲ့ ကလေးတွေ ဘယ်အချိန်က လွတ်လာတယ်ဆိုတာကို သူက မပြောပါဘူး။ 

ဒီပြည်နယ်ဟာ ပြန်ပေးဆွဲမှုဒဏ်ကို အဆိုးဆုံးခံရတဲ့ ပြည်နယ်တွေထဲက တခုဖြစ်ပြီး လုံခြုံရေးတပ်တွေက ဂိုဏ်းတွေကို နှိမ်နင်းချိန်မှာ ပြည်နယ်အတွင်း ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ထားဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ်အတွင်း ဖြစ်ရပ်တွေ သတင်းမှောင်ကျခဲ့ပြီး စစ်တပ်ကလည်း သတင်းအချက်အလက် နည်းနည်းကိုသာ ပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက် ညနေကစပြီး ဓားပြတွေက စစ်တပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သည် ၁၂ ယောက် ကျဆုံးတယ်လို့ နိုင်ဂျီးရီးယား မီဒီယာအတော်များများက ဖော်ပြပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး ဘင်ဂျမင်ဆော်ယာကတော့ မငြင်းသလို အတည်လည်း မပြုခဲ့ပါဘူး။

1 month Ago
Up