ပြည်သူ ၅ ဦး

October 24, 2021

ခင်ဦးတွင် ပြည်သူ ၅ ဦး ပစ်သတ်ခံရ၊ ၃ ဦးအလောင်းကို ၃ ရက်ကြာအထိ သင်္ဂြိုဟ်ခွင့်မရသေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၃ ရက်ကြာအထိ သေဆုံးသွားသူ ၃ ဦးကို သင်္ဂြိုဟ်ခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှာ ယာခင်းထဲမှာတဲထိုးနေထိုင်တဲ့ ပြည်သူတစ်ဦးကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းက ဖမ်းခေါ်သွားပြီး ရွာနဲ့မနီးမဝေးက ဘုန်းကြီးကျောင်းအနောက်ဘက်မှာ သေနတ်နဲ့ပစ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညနေက နေအိမ်တွေမီးရှို့ပြီး ရေဦးဘက်ပြန်သွားတဲ့စစ်တပ်က ဒီနေ့တောလမ်းအတိုင်း ခြေလျင်ပြန်လာတယ်။ ရွာမရောက်ခင် ယာခင်းကြားမှာ တဲထိုးနေတဲ့သူတစ်ဦးကို ဖမ်းခေါ်သွားပြီး ပစ်သတ်လိုက်ကြတယ်။ အလောင်းကိုလည်း မီးရှို့သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်သတ်မီးရှို့ခံရသူမှာ ဝက်လက်မြို့နယ်ဇာတိ ရွာသစ်ကုန်းကျေးရွာသူနဲ့အိမ်ထောင်ကျပြီး မိသားစုသုံးယောက် ယာခင်းထဲ တဲထိုး‌နေတဲ့ အသက် ၄၀ အရွယ် နွားကျောင်းနေသူ ကိုဇော်မင်းထွန်းလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက ရွာအတွင်း နေအိမ် ၃၀ လောက်ကိုလည်း မီးရှို့သွားကြတယ်လို့ ဆိုပါတယ်။

ဗအိုးရွာမှာလည်း စစ်တပ်က ပစ်သတ်ထားတဲ့ ၃ လောင်းကို အခုချိန်အထိ သင်္ဂြိုဟ်ခွင့်မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဗအိုးရွာသားတစ်ဦးက “စစ်တပ်ကလည်း အခုထိမထွက်သေးဘူး၊ ရွာထဲလည်း လူတစ်ယောက်မှမရှိတော့ဘူး။ သေတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း လာသင်္ဂြိုဟ်ဖို့ ပြောတာမရှိတော့ သွားလည်းမသွားရဲကြတော့ အခုချိန်အထိ ဒီအတိုင်ပစ်ထားရတာ” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ် အင်းပတ်ရွာ၊ ဗအိုးရွာ နဲ ရွာသစ်ကုန်းကျေးရွာတို့ကို အောက်တိုဘာ ၂၂ ရက်နေ့ကစတင်ပြီး ဝင်ရောက်ဖမ်းဆီး ပစ်ခတ် မီးရှို့တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဗအိုးရွာက ၃ ယောက်နဲ့ အင်းပတ်ရွာက ၁ ယောက် ယောက်သေဆုံးခဲ့ပြီး ဗအိုးရွာက ၃ လောင်းကို စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် အခုချိန်ထိ သင်္ဂြိုဟ်ခွင့်မရသေးတာလို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago

June 20, 2021

ကလေးမြို့တွင် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖမ်းဆီး၊ ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အသက်  ၁၅ နှစ်အရွယ်လူငယ်  ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးသွားပါတယ်။

ကလေးမြို့၊ အင်းယာကုန်းရပ်ကွက်မှာ ဇွန်လ ၁၉ ရက် ည ၉ နာရီလောက်က အကြမ်းဖက်စစ်တပ်ဟာ အိမ်တအိမ်ကို ဝင်ရောက်စီးနင်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့  လူ ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မျက်မြင်တဦးက “အင်းယာကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စစ်ကား ၅ စီးနဲ့ ရောက်လာပြီး အဲဒီ သူတို့အိမ်ကို ဝိုင်းတယ်။ ခဲတွေနဲ့ ပေါက်တယ်။ အိမ်ထဲကနေ ထွက်လို့ အော်တယ်။ အဲဒီအချိန်မှာ ကျန်တဲ့သားအဖတွေက ထွက်ပြေးတယ်။ အကြမ်းဖက်စစ်တပ်က သားအဖ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်တယ်။ အစ်မဖြစ်သူက မျက်လုံးထိသွားတယ်။ အဲဒီအိမ်မှာနေတဲ့ ဧည့်သည် နှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ အိမ်က ကားနဲ့ ပစ္စည်းတွေရော ယူသွားတယ်။ မျက်လုံးထိတဲ့ မိန်းကလေးကို စစ်တပ်က ခေါ်သွားတယ်လို့” ပြောပါတယ်။

ဇွန် ၂၀ ရက် မနက်အစောပိုင်း  ၂ နာရီကလည်း အကြမ်းဖက်စစ်တပ်က ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ဧရာဝတီ လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ရှာဖွေရာမှာ လူကြီးတွေကို မတွေ့လို့ ၁၂ နှစ်အရွယ် ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်၊

ဘဲအင်းရပ်ကွက်မှာလည်း အသက် ၁၅ နှစ်အရွယ် ကျော်မင်းခန့်မောင်နဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ကိုအောင်မြတ်မိုးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အသက် ၁၅ နှစ်အရွယ် ကျော်မင်းခန့်မောင်ကတော့ သေဆုံးသွားလို့ မိသားစုကို အလောင်းလာယူခိုင်းတယ်လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

7 months Ago
Up