ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

June 20, 2021

ဗန်းမော်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဇွန် ၁၈ ရက်နေ့က ကြေညာပါတယ်။

ဗန်းမော်ခရိုင်အတွင်းရှိ တရားမျှတမှုကို လိုလားတဲ့ ပြည်သူလူထုဒေသခံတွေကို အနာတရထိခိုက်အောင်၊ ခြိမ်းခြောက်အကြပ်ကိုင်တာ၊ အကြမ်းဖက်တာမျိုး မပြုလုပ်ဘဲ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အဓိကထားဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဗန်းမော် PDF ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗန်းမော်ခရိုင်အတွင်း စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရင်း ဆန္ဒထုတ်ဖော်သူတွေ၊ လူသိများ ထင်ရှားသူတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ NLD အလုပ်အမှုဆောင်တွေ၊ PDF လို့ သံသယရှိသူတွေကို အကြမ်းဖက်စစ်ကောင်စီဝင်တွေက အချိန်မရွေး လိုက်လံရှာဖွေနေပြီး ဖမ်းဆီးခံရသူ လူဦးရေ ၁၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago

June 15, 2021

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ဖွဲ့စည်း​

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နိုင်ငံရေးအင်အားစုတွေ၊  အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတွေ စုစည်းပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defense Force (PPDF)ကို ဖွဲ့စည်း​လိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး စစ်မှန်တဲ့  ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့၊  အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့တကွ သူတို့ရဲ့ ထောက်တိုင်တွေကို ဖြိုခွင်းဖျက်ဆီးပစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ PPDF က ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ပြီးတော့ ပြည်သူလူထုကို ကာကွယ်ပေးဖို့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို ထိရောက်ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲနိုင်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

1 month Ago

ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တိုက်ပွဲဖြစ်ပွား

ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်နှစ်အခုအကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇွန်လ ၁၅ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး နေထိုင်တဲ့ ရွာသားတွေဆီက သိရပါတယ်။

ကနီမြို့နယ်ကနေ မင်းကင်းကိုသွားပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။

“ကျနော်တို့ မင်းကင်းနယ်ဘက် ခက်တောင်အနီးမှာဖြစ်နေတာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ စပစ်တာ။ အခုလည်း ချင်းတွင်းမြစ်ကနေ အမြန်ရေယာဉ်နဲ့ စစ်ကူလာနေတယ်လို့ ကြားတယ်။ တိုက်ပွဲက နှစ်ဘက်ပစ်နေကြတော့ အကျအဆုံး အတိအကျ မသိရဘူး” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲဝင်ရှာပြီး ဒေသခံ ပြည်သူတွေရဲ့ငွေကြေးနဲ့ ဆိုင်ကယ် စတာတွေကိုလည်း ဥပဒေမဲ့ယူသွားတာ၊ အိမ်ထောင်ပရိဘောဂတွေကို ဖျက်ဆီးတာနဲ့  အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သွားတာရှိတယ်လို့လည်း ရွာသား‌တွေက ပြောပါတယ်။

1 month Ago

ရဲ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရသည့်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ဟု သိမ်ဇရပ် PDF ကြေညာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒတ်ချောင်းကျေးရွာမှာ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းက ရဲ ၁ ဦး သေဆုံး၊  ၂ ဦး ဒဏ်ရာရခဲ့တဲ့ပစ်ခတ်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကဒတ်‌ချောင်းရွာ အရက်ဆိုင်မှာ အရပ်ဝတ်နဲ့ အရက်ထိုင် သောက်နေတဲ့ ကင်းမွန်စခန်း‌နယ်မြေ ဒုရဲအုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒုရဲအုပ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အခုလို ဝင်ရောက် တိုက်ခိုက်ရတာဟာ အကြမ်းဖက် စစ်အုပ်စုက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကျိုက်ထိုက အပြစ်မဲ့ပြည်သူတွေကို ဝင်ရောက် ဖမ်းဆီးခဲ့လို့ လုပ်ဆောင်ရတာလို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ရဲတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန် ၂ ဦး ဒဏ်ရာရခဲ့လို့  ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

1 month Ago
More News
Up