ပြည်သူထောင်ချီ နေရပ်စွန့်

June 12, 2021

အကြမ်းဖက်စစ်တပ်ဘေးရန်ကြောင့် ယောဒေသက ပြည်သူထောင်ချီ နေရပ်စွန့်ခွာ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ‌ယောဒေသ ဂန့်ဂေါ-ကလေး ကားလမ်းဘေးက ကျေးရွာတွေကို အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတဲ့အတွက် ဒေသခံယောလူမျိုး ထောင်နဲ့ချီကာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ 

မြောက်ခင်ရန်း၊ တောင်ခင်ရန်း၊ ဟံသာဝတီ၊ ရဲလှ၊ နှမ်းခါး၊ မွှေ့လယ်၊ ရေရှင် စတဲ့ကျေးရွာတွေအပါအဝင် ရွာ ၁၀ ရွာဝန်းကျင်က ဒေသခံပြည်သူ ၃၀၀၀ ၀န်းကျင်မှာ နီးစပ်ရာ တောတောင်တွေမှာ သွားရောက်တိမ်းရှောင်နေကြရတာပါ။

“မကြာသေးခင်က ရဲလှနှင့် မွှေ့လယ်ကြားမှာ ဒလန် ၅ ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့လိုတဲ့သူရှာတာလို့ သိရတယ်။ ရွာထဲဝင်ကတည်းက သေနတ်နဲ့ တောက်လျှောက်ပစ်ပြီး ဝင်တာ။ အိမ်တွေထဲလည်း ဝင်မွှေတာတွေရှိတယ်။ လောလောဆယ်တော့ ထွက်ပြေးနေကြရတယ်။ ကြီးတဲ့သူတွေ၊ ဗိုက်ကြီးသည်တွေ၊ ကလေးတွေလည်း ပါတော့ အခက်အခဲအများကြီးရှိတယ်”လို့ ‌ထွက်ပြေးရာမှာ ပါဝင်တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ မိုးရာသီဖြစ်တဲ့အပြင် ကလေးငယ်တွေ ပါဝင်တဲ့အတွက် တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ စိုးရိမ်နေရသလို ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေ ပါဝင်တဲ့အတွက်လည်း ကျန်းမာရေးကိစ္စတွေမှာ စိုးရိမ်ရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကားလမ်းဘေးက နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးတာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပြုလုပ်နေကြပါတယ်။

3 months Ago
Up