ပြည်တွင်းစစ်

September 24, 2021

မြန်မာတွင် ပြည်တွင်းစစ်ပိုမိုပြင်းထန်လာနိုင်ဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ခုခံစစ်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ပိုမိုပြင်းထန်လာနေတဲ့ ပြည်တွင်းစစ် အလားအလာကို ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ်ချယ်လ်ဘာ့ချလက်က စက်တင်ဘာ ၂၃ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

အခွင့်ထူးခံပြီး အမြစ်တွယ်နေတဲ့ စစ်တပ် ရေပေါ်ဆီလွှာတွေရဲ့ ရည်မှန်းချက်တွေကို မြှင့်တင်ဖို့အတွက်နဲ့ မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ သာယာဝပြောရေး လမ်းကြောင်းတွေကို ဒီလတွေအတွင်းမှာ စတေးခဲ့ရတယ်လို့ ဘာ့ချလက်က ပြောပါတယ်။ 

အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှုတွေအရ တိုင်းပြည်တစ်ဝန်းလုံးက ဘဝတွေနဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်တာကြောင့် လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဆိုးရွားသွားနေပြီလို့ ဘာ့ချလက်က ပြောဆိုပါတယ်။

ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ကူးစက်ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေ သိသိသာသာ မြင့်တက်လာနေပြီး မြန်မာနိုင်ငံဟာ ဖိနှိပ်မှု၊ အကြမ်းဖက်မှုနဲ့ စီးပွားရေးပြိုလဲမှုတို့ကို ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

အခြေခံအခွင့်အရေးတွေကို အလွန်အကျွံဖိနှိပ်ခြင်းတွေနဲ့  ရင်ဆိုင်နေရတာကြောင့် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကလည်း ကြီးထွားလာပြီး ပြည်တွင်းစစ် အရှိန်မြင့်တက် လာနိုင်ခြေကို ညွှန်ပြနေပါတယ်လို့  ဆိုပါတယ်။ 

အာဆီယံဒေသတွင်းအုပ်စုနဲ့ သြဇာကြီးမားတဲ့ အင်အားစုတွေဟာ မြန်မာစစ်တပ် အာဏာသိမ်းမှုကို နောက်ပြန်လှည့်ပြီး အကြမ်းဖက်မှုတွေ အရှိန်လျော့လာစေဖို့ စိတ်အား တက်စရာတွေနဲ့ တွန်းအားပေးမယ့်လှုံ့ဆော်မှုတွေကို သုံးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 

သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကို ဆက်ဆံဆွေးနွေးလို့ရမယ့် နိုင်ငံရေးဖြစ်စဉ်တခုကို အားပေးကူညီကြဖို့လည်း ဘာ့ချလက်က နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားရေး အကျိုးဆက်တွေဟာ ကြောက်စရာကောင်းသလို ကြေကွဲစရာလည်းကောင်းပြီး ဒေသတွင်း အကျိုးဆက်တွေလည်း ပိုပြီး နက်ရှိုင်းလာနိုင်တယ်လို့ ဆိုပါတယ်။ 

အချိန်သိပ်နောက်မကျသေးခင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် နှစ်ဆတိုး အားထုတ်ပေးဖို့နဲ့ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေကို ကာကွယ်ပေးရမယ်လို့ ဘာ့ချလက်က ပြောပါတယ်။ 

အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ခုချိန်ထိ လူ ၁၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ အစီရင်ခံထားကြတယ်လို့ ဘာ့ချလက်က ပြောပါတယ်။ ဒါ့အပြင် ကလေးတွေ အပါအဝင် လူ ၈၀၀၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး ၄၇၀၀ ကျော်ကို ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ချီလီသမ္မတဟောင်းဖြစ်သူ  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်ဘာ့ချလက်က သက်ဆိုင်သူအားလုံးကို အထူးသဖြင့် မြန်မာစစ်တပ်ကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အကန့်အသတ်မရှိ သွားရောက်ပေးပို့ခွင့်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

ဘာ့ချလက်ဟာ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို တောင်းဆိုလိုက်ပြီး လူနေဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်တွေသုံးတာကို ချက်ချင်းရပ်ရမယ်လို့လည်း ပြောသွားပါတယ်။ 

2 months Ago

June 6, 2021

ပြည်တွင်းစစ်၏တရားခံဟာ အကြမ်းဖက်စစ်အုပ်စုဖြစ်ဟု NUG ကာကွယ်ရေး ဒုဝန်ကြီးပြော

ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်ကောင်စီဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်အောင် စစ်ကောင်စီကပဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ NUG အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ  တရားဝင်အစိုးရဆီကနေ နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရေးအရ ထိခိုက်မှုတွေဖြစ်လာတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုမှာ ပါဝင်နေကြတဲ့ သူတွေအနေနဲ့ တရားဝင်အစိုးရနဲ့ပူးပေါင်းပြီး အာဏာသိမ်းမှုကို ရပ်ဆိုင်းလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေ စစ်ရေးနဲ့ပတ်သတ်ပြီး ထိတွေ့နိုင်တဲ့ အခြေနေတွေအားလုံးလည်း ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဟာ လက်နက်ကိုင်ပြီး တော်လှန်တဲ့တပ်မတော်တစ်ရပ်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြည်သူကို ကာကွယ်ပေးတဲ့ တပ်မတော်ဆိုတာမရှိတော့တဲ့အတွက် တရားဝင်အစိုးရတစ်ရပ်အနေနဲ့ တပ်မတော်တစ်ရပ်ရှိဖို့ဆိုတဲ့ အခြေခံအပေါ်မှာ တည်ထောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်ကောင်စီဟာ အကြမ်းဖက် စစ်အုပ်စု တစ်ခုသာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးကပြောဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ပြည်သူ ၈၀၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်ကာ ပြည်သူ ၅၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ သေဆုံးသူ ၈၀၀ ကျော်ဆိုတာကို လက်မခံငြင်းဆန်ဆန်နေပြီး  သေဆုံးသူ ၃၀၀ ကျော်သာရှိတဲ့အကြောင်းနဲ့  အကြမ်းဖက် လုပ်ရပ်တွေလုပ်ဆောင်ခဲ့တာကြောင့် ပစ်သတ်ခဲ့တာဖြစ်တယ်လို့  ပြောထားပါတယ်။

6 months Ago
More News
Up