ပဲနွယ်ကုန်း

May 21, 2021

ပဲနွယ်ကုန်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးတွင် ဗုံးတွေ့

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့က  သတိပဋ္ဌာန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ သံမဏိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ အောက်တွေမှာ မေလ ၂၀ ရက် မနက် ၈ နာရီလောက်က  လက်ပစ်ဗုံးနဲ့ ချိန်ကိုက်ဗုံးတွေ့ရှိပါတယ်။

ချိန်ကိုက်ဗုံးတွေကို ပေါက်ကွဲမှု မဖြစ်ခင်တွေ့ရှိတာလို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုပြီး ဗုံးထောင်သူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။

ရပ်ကွက်အနီးနားရှိ လမ်းတွေကို ပိတ်ဆို့ထားပြီး နေ့လည် ၃နာရီလောက်မှာ  တပ်ဘက်က မိုင်းကျွမ်းကျင်သူတစ်ဦး  လာရောက်ဖြုတ်ယူ သယ်ဆောင်သွားတယ်လို့ အနီးအနားမှ မြို့ခံတဦးက ပြောပါတယ်။

အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူး နှစ်ဦးဟာ CDM ဝန်ထမ်းတွေကို  ခြိမ်းခြောက်တာ ၊ ရပ်ကွက်အတွင်း အာဏာပါဝါ အသုံးချခြင်းတွေကြောင့် လူသိများထင်ပေါ်နေသူတွေလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။

1 month Ago

May 14, 2021

ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့ဝင် ၁ ဦး CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး ပြည်သူနှင့်ပူးပေါင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊  ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပြည်သူနဲ့ အတူ ပူးပေါင်း ပါဝင်လာပါတယ်။

ကျောင်းစိုးကျေးရွာ နယ်ထိန်း ရဲတပ်သားသီဟဇော်ဟာ မေလ ၁၂ ရက်မှာ CDM မှာ ပါဝင်လာတာဖြစ်ပြီး ဖြူး၊ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ ပထမဆုံး CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းရှိ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ဟာ ဥပဒေမဲ့လုပ်ရပ်တွေ ပြုလုပ်နေပြီး ဒေသခံတွေကို လက်နက်အားကိုးနဲ့ နေစဉ် အနိုင်ကျင့်တာတွေ ရှိနေသလို တပ်ဖွဲ့ဝင်တွေ အပေါ်လည်း အာဏာပြချိန်းခြောက်နေတာကြောင့်  CDM မှာ ပါဝင်သွားတာ ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။

နယ်​မြေရဲစခန်းကတော့ ရဲတပ်သားသီဟဇော်နဲ့ ပတ်သက်ပြီး ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေယူဆောင်သွားတယ်လို့ ဝါဒဖြန့်နေသလို  သူ့ကိုအမှုဖွင့် ဖမ်းဝမ်းထုတ်တာတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အခု CDM မှာ ပါဝင်သွားသူဟာ ရဲတပ်သားရာထူးသာဖြစ်တယ်။ဘယ်လိုလက်နက်ခဲယမ်းမှ ယူဆောင်မှုမရှိသလို စခန်းမှာလည်း ပစ္စတိုသေနတ်ရှိတာ  မကြားမိ မမြင်မိဘူး။   အခု CDM မှာ ပါဝင်တဲ့ ရဲတပ်သားအပေါ် အမှုကြီးစေဖို့  လုပ်ကြံမှုဖြစ်နိုင်တယ်”လို့ ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။

ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်စီး ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး  လက်နက်တွေ့ရှိတယ်ဆိုပြီး လုပ်ကြံသတင်းတွေ ထုတ်လွှင့်ခဲ့တာ၊ မြို့နေပြည်သူတွေကိုအကြောင်းမဲ့ စစ်ဆေးရိုက်နှိက်တာတွေ ပြုလုပ်နေတဲ့ ရဲခန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
More News
Up