ပေပေ

November 24, 2020

ပေပေနှင့် အလီယိုစကီတို့အပေါ်ဝေဖန်တိုက်ခိုက်နေမှု အာဆင်နယ်နှင့် လိဒ်အသင်း ရှုတ်ချ

တနင်္ဂနွေနေ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ပေပေနဲ့ အလီယိုစကီတို့ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တိုက်ခိုက်နေခြင်းအပေါ် အာဆင်နယ်နဲ့ လိဒ်အသင်းတို့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။  တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပေပေနဲ့ အလီယိုစကီတို့ရဲ့ အချင်းများမှုက ပြောစရာဖြစ်ခဲ့ပြီး ပြိုင်ဘက်ကို ခေါင်းနဲ့ဆောင့်ခဲ့တဲ့ ပေပေဟာ တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီကိစ္စမှာ အလီယိုစကီဘက်က မာယာများခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပြီး ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက လိဒ်ကစားသမားဟာ အော်စကာရသင့်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ပြီးနောက်မှာ ကစားသမား နှစ်ဦးစလုံးဟာ လူမျိုးရေးခွဲခြားတဲ့၊ ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကနေတဆင့် ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ ကစားသမားတွေအပေါ် တိုက်ခိုက်နေမှုကို တာဝန်ရှိသူတွေ စုံစမ်းတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ ကူညီသွားမယ်လို့ ပြောပါတယ်။ ကစားသမားတွေကို ဝေဖန်တိုက်ခိုက်နေခြင်းဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အပြစ်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေး ကူညီပေးသွားမယ်လို့ အာဆင်နယ်အသင်းက ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါဝင်ပါတယ်။ လိဒ်ဘက်ကလည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ခဲ့ပြီး ကစားသမားတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကို လုံးဝ သည်းခံသွားမှာမဟုတ်ကြောင်းနဲ့ အပြစ်ကျူးလွန်သူကို ဖော်ထုတ် အပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။  ကစားသမား မပီသတဲ့ အပြုအမူကြောင့် ပေပေဟာ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရနိုင်ခြေ ရှိနေပြီး ဒီလုပ်ရပ်အတွက် စိတ်ပျက်မိကြောင်းလည်း အာဆင်နယ်နည်းပြ အာတီက ပြောပါတယ်။  ပေပေရဲ့ အပြုအမူဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူ ဖြစ်ပြီး သူ့ရဲ့အနီကတ်ကြောင့် တသင်းလုံး နစ်နာခဲ့ရတယ်လို့လည်း အာတီတာက ပြောပါတယ်။
5 months Ago

November 11, 2020

အာတီတာလက်ထက် ပွဲထွက်ကစားခွင့် နည်းပါးနေသဖြင့် ပေပေ စိတ်ပျက်

ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲကစားချိန်အနည်းငယ်သာ ရရှိနေခြင်းအပေါ် စိတ်ပျက်ဒေါသဖြစ်မိတယ်လို့ တောင်ပံကစားသမား ပေပေက ဝန်ခံပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အသင်းကို ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတချို့ ထုတ်ဖော်ပြသနိုင်ခဲ့ပေမယ့် လက်ရှိနည်းပြ မီခေးလ်အာတီတာနဲ့လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် တနေရာ ရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။  ပေပေဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး အက်စတွန်ဗီလာအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ၂၅ မိနစ်သာ ကစားခွင့် ရရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ အိုင်ဗရီကို့စ် လက်ရွေးစင်ကစားသမားဟာ မပျော်မရွှင် ဖြစ်နေရတယ်လို့ ပြောပါတယ်။  သူ့အတွက် ပွဲကစားချိန်ဟာ တော်တော်လေးနည်းပါးနေပြီး အာတီတာက သူ့ဆီကနေ ပွဲချိန်အတွင်း ဒီထက်ပိုကောင်းတဲ့ အာရုံစူးစိုက်မှုကို လိုချင်နေတယ်လို့ ပြောပါတယ်။  “ကျနော့်ရည်မှန်းချက်ကတော့ ပိုကစားခွင့်ရဖို့ပါ။ ဒီထက်ပိုများတဲ့ ပွဲကစားချိန်ပေါ့။ ကစားခွင့်ရတဲ့ ကစားသမားတိုင်းဟာ ပျော်ရွှင်ကြပါတယ်။ ဒါ့ကြောင့် ကျနော်လည်း ပုံစံကောင်းကို ပြန်ရှာတွေ့ဖို့ ဒီထက်ပိုများတဲ့ ကစားခွင့်လိုချင်ပါတယ်။ အာတီတာက ပွဲအတွင်းမှာ ကျနော့်ကို ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုရှိဖို့ လိုတယ် ထင်နေပါတယ်။ ဒါ့ကြောင့် သီတင်းပတ်ကုန်ပိုင်း ပွဲစဉ်တွေမှာ ကျနော်ဟာ အရန်ခုံမှာပဲ ရှိနေရမယ် ဆိုတာကို လေ့ကျင့်ရေးကွင်းမှာ သိခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြဟာ ကျနော့်ကို စကားပြောခဲ့ပါတယ်။ သူ့အတွက် စကားပြောပေးမယ့် လက်ထောက်နည်းပြတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အရန်ခုံမှာ ထိုင်ရတဲ့ ကစားသမားတိုင်းကတော့ စိတ်ပျက်ဒေါသ ဖြစ်နေမှာပါပဲ။ နည်းပြက ရွေးချယ်မှုတွေ လုပ်ဆောင်ပါတယ်။ ကျနော်ဟာ ဒီလို ကစားသမားမျိုး မဟုတ်ကြောင်းကို ပြသဖို့ဆိုတာ ကျနော့်လုပ်ဆောင်ချက်တွေပေါ်မှာပဲ မူတည်ပါတယ်” လို့ ပေပေက ပြောပါတယ်။ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ်ကနေ လူစားဝင် ကစားသမားတဦး အဖြစ် ပြောင်းလဲသွားတဲ့ သူ့ရဲ့အခြေအနေကိုလည်း မလိုချင်ဘူးလို့ ပေပေက ပြောပါတယ်။
6 months Ago
More News
Up