ပူတင်

July 10, 2019

ဂျော်ဂျီယာကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ရန် တိုက်တွန်းသည့် ရုရှားလွှတ်တော် ဆုံးဖြတ်ချက် ပူတင် မထောက်ခံ

ဂျော်ဂျီယာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ဖို့ တိုက်တွန်းတဲ့ ရုရှားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဇူလိုင် ၉ ရက် ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ဂျော်ဂျီယာအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို အင်္ဂါနေ့က ရုရှားလွှတ်တော်မှာ တညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။ ရုရှားနဲ့ ဂျော်ဂျီယာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြည့်ပြည့်ဝဝ ပြန်ကောင်းဖို့ ကြိုးစားနေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုရှုပ်ထွေးစေမယ့် ပိတ်ဆို့ဒဏ်ခတ်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ပူတင်က ပြောခဲ့တာပါ။ ဇွန်လက ရုရှားအမတ်တယောက် ဂျော်ဂျီယာလွှတ်တော်ကို လာလည်ခဲ့အပြီး ဂျော်ဂျီယာမြို့တော် တီဘလီစီမှာ ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေကြောင့် မငြိမ်မသက် ဖြစ်ခဲ့တာပါ။ အဲဒီအတွက် ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ရုရှားသမ္မတ ပူတင်ကာ ဂျော်ဂျီယာနိုင်ငံကို ပျံသန်းမယ့် ရုရှားလေကြောင်းခရီးစဉ်တွေကို ဇူလိုင် ၈ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ပြီး ဂျော်ဂျီယာနိုင်ငံထဲမှာ ရှိပြီးသား ရုရှနိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ပူတင်က အစိုးရကို အမိန့်ထုတ်ထားပါတယ်။
2 years Ago

June 8, 2019

တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ ပျံ့နှံ့အောင် အမေရိကန်လုပ်နေဟု ပူတင် ပြော

အမေရိကန်ဟာ သူရဲ့ တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ပျံနှံ့အောင် ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်ဟာ သူရဲ့ စီးပွားရေးသာလွန်မှုကို ထိန်းသိမ်းဖို့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ကမ္ဘာ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဖိအားပေး ဒဏ်ခတ်တာတွေ လုပ်နေတယ်လို့  သမ္မတ ပူတင်က အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပူတင်က အမေရိကန်ဟာ ဒေါ်လာကို ဖိအားပေးတဲ့ ကိရိယာအဖြစ် ပြောင်းလိုက်တဲ့အတွက် အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းစေပြီး အမေရိကန် အကျိုးစီးပွားကို ပျက်စီးစေတယ်လို့ ပြောခဲ့ပါတယ်။ တရုတ်ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန် လုပ်ဆောင်ပုံက  ဟွာဝေးကို ကမ္ဘာ့ဈေးကွက်ကနေ ပေါ်ပေါ်ထင်ထင်ဆွဲထုတ်ပစ်တာလို့ သမ္မတပူတင်ကဆိုပါတယ်။ အဲဒီအတွက် ဒီဂျစ်တယ်ခေတ်ကြီးမှာ ပထမဆုံးနည်းပညာ စစ်ပွဲကို ဖြစ်စေတယ်လို့လည်း ဖိုရမ်မှာ ပူတင်က ပြောခဲ့ပါတယ်။
2 years Ago
More News
Up