ပုသိမ်စက်မှုဇုန်

September 24, 2020

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်သိမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံအားလုံး စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်သိမ်းမယ်လို့ စက်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ပုသိမ်စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးနဲ့  ဒေါင်းလောင် အထည်ချုပ်စက်ရုံမှာ အတည်ပြုပိုးတွေလူနာ ၁ ဦး ရှိလာပြီးနောက်ပုသိမ်မြို့က အထည်ချုပ်စက်ရုံ အားလုံးကို ၁၄ ရက်ပိတ်ဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်ရုံတွေကို ညွှန်ကြားခဲ့တာပါ။ မြန်မာနစ်တင်းအထည်ချုပ် စက်ရုံမန်နေဂျာ ဦးသက်နိုင်က "ယာယီပိတ်ဖို့ စာထွက်လာတာက နောက်ကျတော့ ဒီနေ့အလုပ်သမားတွေကို ဆင်းခိုင်း လိုက်ရတယ်၊ မနက်ဖြန်ကစပြီ ပိတ်ပါမယ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ပြန်ဖွင့်မှာပါ"လို့ ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်တဲ့ စက်ရုံများယာယီပိတ်ဖို့ ညွှန်ကြားချက်အမိန့်စာမှာ စက်တင်ဘာ ၂၄ ရက်နေ့ စတတင်ပိတ်သိမ်းသွားဖို့ ပါရှိပြီး တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်း ရဲ့နာမည်နဲ့ လက်မှတ်ကိုယ်စားထိုးပြီး အမိန့် ထုတ်ထားတာကို တွေ့ရပါတယ်။ စက်ရုံတွေယာယီပိတ်သိမ်းဖို့ အမိန့်ညွှန်ကြားစာနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။ ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်စုစံဝင်းက "အစ်မတို့ စက်ရုံကိုစာရောက်တာ ဒီနေ့ နေ့လည်မှ ရောက်တာ၊ အားလုံးကို အလုပ်လုပ်နေကြပြီ၊ အလုပ်သမားတွေလည်း ပြန်ဖို့အဆင်မပြေတော့ဘူး၊ အဲ့ဒါကြောင့် မနက်ဖြန်မှ စပိတ်ဖြစ်တော့မယ်"လို့ ပြောပါတယ်။ ပုသိမ်စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး အထည်ချုပ်အလုပ်သမား စုစုပေါင်း ၁၄၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
8 months Ago

March 20, 2020

ပုသိမ်စက်မှုဇုန် လုပ်သား ၅၀၀၀ ကို ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးစာစောင်များ ပေးဝေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Myanmar Knitting အထည်ချုပ်စက်ရုံက လုပ်သား ၅၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာ ဆောင်ပေးဝေတာတွေကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက "အလုပ်သမားတွေနဲ့တကွ သူတို့ရဲ့ မိသားစုတွေ ဒီရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးအသိ ပညာရရှိပြီး သံသယလူနာတွေ့လာရင်လည်း ဘယ်လိုမျိုးတွေ ဆောင်ရွက်ရမယ်ဆိုတာ စနစ် တကျ သိရှိစျေချင်လို့ ပေးဝေဖြစ်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေ၊ အဖွဲ့ချုပ်တွေ၊ လူမှုဖူလုံရေးအဖွဲ့နဲ့ လုပ်ငန်းရှင်တွေအားလုံး စုစည်းပြီး ကြိုတင်ကာကွယ်မှု အစီအစဉ်လုပ်ဖို့ အစည်းဝေးတွေပြုလုပ်ပြီး အသိပညာပေးမှုအအစီစဉ်တွေ ထဲက လက်ကမ်းစာစောင်ပေးတဲ့အစီစဉ်ကို အရင်ဆုံးလုပ်ဖြစ်တာလို့ ဆိုပါတယ်။ စက်ရုံလုပ်သား မနွယ်ဇင်က "ဒီလို လက်ကမ်းစာစောင်လေးတွေ ဖြန့်ပေးတော့ သမီးတို့ အိမ်ပြန်သွားရင်လည်း အိမ်က မိသားစုက ဒီစာရွက်လေးတွေဖတ်ပြီး ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို သိနိုင်တာပေါ့။ အမြဲစက်ရုံထဲမှာ အချိန်ကုန်နေရတဲ့ သမီးတို့ကို ခုလိုလုပ်ပေးတာ ပိုကောင်းပါတယ်" လို့ ဒီဗွီဘီ ကိုပြောပါတယ်။ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ဦးဆောင်ပြီး စက်ရုံက မန်နေဂျာတွေ၊ တာဝန်ရှိသူတွေ၊ စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့က ခေါင်းဆောင်တွေက စက်ရုံရှေ့မှာ အလုပ် သမား ၅ ထောင်နီးပါကို ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ကြတာပါ။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်တွေဝေတာ၊ သင်တန်းတွေပေးတာ၊ ဟောပြောတာတွေ ပြုလုပ်သွားဖို့ရှိပြီး လူမှုဖူလုံရေးက အသိပညာပေးလက်ကမ်း စာစောင် ၁၅၀၀၀ ထောက်ပံ့ပေးထားတဲ့အတွက် နောက်ရက်တွေမှာလည်း အခြားစက်ရုံတွေကို အသိပညာပေးစာစောင်တွေ ဆက်လက်ပေးဝေသွားမယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ပုသိမ်စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး ဧရာဝတီတိုင်းအတွင်းက လာရောက် အလုပ် လုပ်တဲ့ အထည်ချုပ်အလုပ်သမား ၁ သောင်းကျော်ရှိတဲ့အတွက် နောက်ရက်တွေမှာ ၁ ရက်ကို ၁ ရုံနှုန်းနဲ့အသိပညာပေး လက်ကမ်းစာစောင်တွေ ဆက်လက်ဖြန်ဝေသွားမယ်လို့ ဆိုပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up